ISနဲ့ ပတ်သက်တယ် ဆိုပြီး ပြင်သစ် ဘိလပ်မြေ ကုမ္ပဏီကြီး စစ်ဆေးခံနေရ

ဓာတ်ပုံ မူပိုင် AFP
Image caption Holcim နဲ့ မပေါင်းခင် အချိန်က Lafarge ကုမ္ပဏီက ဆီးရီးယား လက်နက်ကိုင်တွေကို ငွေပေး ထောက်ပံ့မှုတွေ လုပ်ခဲ့တာဖြစ်

ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ IS အစ္စလာမစ်နိုင်ငံ လက်နက်ကိုင် အုပ်စုတခုကို ငွေကြေး ထောက်ပံ့ခဲ့တယ် ဆိုပြီး Lafarge Holcim ပြင်သစ် ဘိလပ်မြေ ကုမ္ပဏီခွဲတခုကို ပြင်သစ် အစိုးရက တရားဝင် စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ အဲဒီ ကုမ္ပဏီကြီးက ပြောပါတယ်။

ဒါ့အပြင် လူ့အသိုင်းအဝိုင်း တခုလုံးကို ကျူးလွန်တဲ့ ရာဇဝတ်မှုမှာ ပါဝင် ပတ်သက်မှု၊ ဆီးရီးယားမှာ ရှိတဲ့ လူတွေရဲ့ အသက်ကို အန္တရာယ်ပြုမှု စတဲ့ စွဲချက်တွေနဲ့လည်း အဲဒီ ကုမ္ပဏီခွဲကို တရားစွဲဆိုထားပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားလာနေချိန်မှာ နိုင်ငံမြောက်ပိုင်းက ဂျလာဘီယာမြို့မှာ ဘိလပ်မြေ စက်ရုံတခု ဆက်ဖွင့်ထားနိုင်ဖို့ နဲ့ ဝန်ထမ်းတွေကို အကာအကွယ် ပေးဖို့ လက်နက်ကိုင် အုပ်စုတွေကို Lafarge ကုမ္ပဏီက ငွေပေးခဲ့ကြောင်း မနှစ်တုန်းက ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း စွဲချက်တချို့ကိုတော့ ပြန်အယူခံ ဝင်မယ်လို့ Lafarge ကုမ္ပဏီက ပြောပါတယ်။

IS ပြန်ပေးဆွဲထားတဲ့ အလုပ်သမား၅၀ကို သတ်လိုက်ပြီ။

အဲဒီ အချိန်တုန်းက ဆီးရီးယားနိုင်ငံက နေရာ အတော်များများကို လက်နက်ကိုင် အုပ်စုတွေက ထိန်းချုပ်ထားပြီး သမ္မတ ဘရှား အယ်လ် အာဆတ် အစိုးရအပေါ် ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ခံနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျလာဘီယာမြို့က ဘိလပ်မြေ စက်ရုံ ဆက်ဖွင့်ထားနိုင်ဖို့ လက်နက်ကိုင်အဖွဲ့တွေကို ငွေပေးခဲ့

Lafarge နဲ့ Holcim တို့ ပေါင်းခဲ့အပြီး တနှစ်အကြာ ၂ဝ၁၄ ခုနှစ်မှာ အဲဒီ စက်ရုံကို ပိတ်ခဲ့ပါတယ်။

Lafarge ကုမ္ပဏီဟာ ကမ္ဘာတဝန်း ကုမ္ပဏီခွဲတွေ ဖွင့်ထားတဲ့ ကုမ္ပဏီခွဲကြီး တခု ဖြစ်ပြီး နိုင်ငံပေါင်း ၈ဝ လောက်မှာ ၀န်ထမ်း ရှစ်သောင်းလောက် ခန့်ထားပါတယ်။

တရားဝင် စုံစမ်းစစ်ဆေးခံနေရတဲ့ Lafarge ကုမ္ပဏီ မန်နေဂျာဟောင်း ၈ဦးထဲမှာ ကုမ္ပဏီ အမှုဆောင်ချုပ် Eric Olsen လည်း ပါဝင်ပါတယ်။

သူကတော့ သူ့အနေနဲ့ ဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူးလို့ ငြင်းဆို ထားပါတယ်။