ရွှေ့ပြောင်းဝင်လာသူတွေ အတွက် ပြင်ပ ထွက်ခွင့် ကန့်သတ်တဲ့ ဌာနတွေ ထောင်မယ်

ဓာတ်ပုံ မူပိုင် MAHMUD TURKIA
Image caption သင်္ဘောတွေ လှေတွေပေါ်မှာ ကလေးတွေ သေဆုံး

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲ မြို့တော်မှာ ဆွေးနွေး နေကြတဲ့ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေ ကြားမှာ ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အတွက် ပြင်ပ ထွက်ခွင့် ကန့်သတ်ထားတဲ့ ဌာနတွေ ထူထောင်ဖို့ သဘောတူညီချက် တရပ် ရခဲ့တာ ဖြစ်ပါတယ်။

ဘယ်သူတွေက တရားမဝင် ၀င်ရောက်သူတွေဖြစ်တယ်၊ ဘယ်သူတွေကို ပြန်ပို့မယ် ဆိုတာတွေကို အဲဒီဌာနတွေကနေ စိစစ်ဆုံးဖြတ်မှာပါ။

ရွှေ့ပြောင်းဝင်လာတာတွေ ကန့်သတ်ဖို့ အတွက် တူရကီ၊ မော်ရိုကိုနဲ့ မြောက်အာဖရိက နိုင်ငံတွေကို ဘဏ္ဍာရေး အရ ပိုပြီး ထောက်ပံ့ပေးဖို့လည်း ဥရောပ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စပိန်ကို အသစ်ဝင်လာတဲ့သူတွေ

နာရီလောက် ကြာအောင် ဆွေးနွေး

ခေါင်းဆောင်တွေကြား ၁ဝ နာရီလောက် ကြာအောင် ဆွေးနွေးပြီးမှ အခုလို သဘောတူခဲ့ ကြတာဖြစ်ပါတယ်။

အခုတော့ သဘောတူညီချက် ရမှာမဟုတ်ဘူးလို့ သံသယရှိသူတွေ မှားသွားပြီလို့ ပြင်သစ် သမ္မတ မက်ကရွန် က ပြောပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေအတွက် စိစစ်ရေးဌာနတွေကို ဘယ်နိုင်ငံတွေမှာ ထားရှိမယ်၊ ဒါမှ မဟုတ် ဒုက္ခသည်တွေကို ဘယ်နိုင်ငံတွေက လက်ခံထားမယ် ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။

အီးယူခေါင်းဆောင်တွေ ဆက်လက် ဆွေးနွေးကြရ မှာ ဖြစ်ပါတယ်။

အာဖရိကတိုက်က အဓိက လာကြသူ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ ဝင်ပေါက်ဖြစ်တဲ့ အီတလီနိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဆယ်ဗီနီကတော့ အီးယူဘက်က ခိုင်မာတဲ့ ကတိကဝတ်မျိုး လိုချင်တယ်လို့ ပြောပါတယ်။

သူတို့ အကူအညီမရရင် ထိပ်သီးဆွေးနွေးပွဲရဲ့ အစီအစဉ် တခုလုံးကို ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့တောင် ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဆယ်ဗီနီရဲ့ မဟာမိတ်ပါတီဖြစ်တဲ့ Five Star Movement ပါတီက နိုင်ငံခြားရေး ဝန်ကြီး စတက်ဖနိုကတော့ ခုလှုံခွင့်တောင်းခံတဲ့ ဒုက္ခသည်တွေကို ကနဦး စိစစ်ဖို့အတွက် အီးယူဘက်က အကူအညီ ယန္တရားတွေ ပိုလိုတယ် ဆိုတာ လွန်ခဲ့တဲ့ ၅ နှစ် ကတည်းက သူတို့ ပြောခဲ့တယ်၊ ဒါမှ ဒုက္ခသည်တွေကို သူတို့ သွားခွင့်ရှိတဲ့ နေရာဆီ အန္တရာယ်ကင်းကင်း၊ သိက္ခာရှိရှိ နဲ့ ပြောင်းရွှေ့နိုင်မယ်လို့ ပြောသွားပါတယ်။

ဓာတ်ပုံ မူပိုင် HERMINE POSCHMANN
Image caption ဒုက္ခသည်တွေကို လိုက်ကယ်တဲ့ ဖောင်

သင်္ဘောတွေ လိုအပ်

ဥရောပကို ဝင်လာတဲ့ ဒုက္ခသည်အရေ အတွက် အများဆုံးဖြစ်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က ထက်စာရင် တရားမဝင် ဝင်လာသူ အရေအတွက် ၉၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဥရောပ ကောင်စီက ပြောပါတယ်။

အခုသဘောတူညီချက်အရ အီတလီဝန်ကြီးချုပ်သစ်အတွက် အောင်ပွဲလို့ ပြောနိုင်တဲ့ အချက်တချို့ ပါတယ်လို့ ဘရပ်ဆဲလ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီထဲမှာ နိုင်ငံတကာဥပဒေတွေကို လိုက်နာပြီး မြေထဲပင်လယ်ထဲမှာ အာဖရိကက ဝင်လာသူတွေကို ကယ်ဆယ်ဖို့ သင်္ဘောတွေ လိုအပ်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းလာတဲ့ အချက်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို ပြင်ပ ထွက်ခွင့် ကန့်သတ်ထားတဲ့ ဌာနတွေမှာထား၊ သေချာတဲ့ စိစစ်ရေး အစီအစဉ်တွေ လုပ်ဖို့ ဆိုတဲ့ ကြီးမားတဲ့ သဘောတူညီချက်ကို ခေါင်းဆောင်တွေကြား ရခဲ့ပေမယ့် တချို့ကတော့ ဒါဟာ ခိုလှုံခွင့် ငြင်းပယ်ခံရသူတွေကို ပြန်ပို့ရာမှာလည်း ပိုလွယ် သွားမယ်လို့ ပြောကြပြီး တချို့ကတော့ အဲဒီဌာနတွေဟာ အကျဉ်းထောင်တွေပါပဲလို့ ဆိုသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။