အမေရိကန်ကုန်တွေကို ကနေဒါက အခွန်ကောက်မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါက အမေရိကန်ဆီ သွင်းတဲ့ သံမဏိတွေ

အမေရိကန်ရဲ့ သွင်းကုန်ခွန်သစ် ကောက်ခံမှုကို ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူးလို့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland က ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အိမ်နီးချင်း နိုင်ငံနဲ့ ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှု တင်းမာလာတဲ့ အခြေအနေမျိုး ကိုလည်း မရောက်စေချင်ဘူးလို့ သူက ဆိုပါတယ်။

ကနေဒါက ဒေါ်လာ ၁၂ ဘီလီယံဖိုးရှိ အမေရိကန် ကုန်ပစ္စည်းတွေကို အခွန်သစ် စတင် ကောက်ခံဖို့ ကြေညာပြီးနောက်မှာ အခုလို မစ္စ ဖရီးလန်းရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သွင်းကုန် ခွန်ကောက်မယ့် ပစ္စည်းတွေထဲမှာ သံမဏိ ၊ အလျူမီနီယံ နဲ့အတူ စားသောက်ကုန် ၊ လိမ္မော်ရည်နဲ့ အိမ်သာသုံး စက္ကူတွေ ပါဝင်ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ စတင် အသက်၀င်ခဲ့တဲ့ အမေရိကန် သွင်းကုန်ခွန် ကောက်ခံမှုနဲ့ အပြိုင် အခုလို သူတို့ဖက်ကလည်း အခွန် ကောက်ခံရတာလို့ မစ္စ ဖရီးလန်းက ဆိုပါတယ်။

ကနေဒါဖက်က သွင်းကုန်ခွန် ကောက်ခံမှုဟာ ဇူလိုင်လ ၁ရက်ကစလို့ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် သမ္မတ ထရမ့်နဲ့ ကနေဒါ ဝန်ကြီးချုပ် ထရူးဒိုး

အမေရိကန် ပြည်ထောင်စုကို တင်သွင်းလာတဲ့သံမဏိနဲ့ အလျူမီနီယံ တွေ အပေါ် သွင်းကုန် အခွန် ကောက်မှုတွေ လုပ်ကောင်း လုပ်မယ်လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့ မေလတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲလို ကြေညာပြီးနောက် အမေရိကန်က သံမဏိ ထုတ်လုပ်သူတွေရဲ့ ရှယ်ယာစျေး ခုန်တက် သွားခဲ့ပေမယ့် စျေးပိတ်ချိန်မှာ တစ်ရာခိုင်နှုန်းကျော် ထိုးဆင်းသွားခဲ့ပါတယ်။

အမေရိကန်ကို သွင်းလာတဲ့ သံထည် ပစ္စည်းတွေ အပေါ် ၂၅ ရာနှုန်းနဲ့ အလျူမီနီယံ အပေါ် ဆယ်ရာခိုင်နှုန်း သွင်းကုန် အခွန်ကောက်ခံဖို့ အတွက် လက်မှတ်ထိုး အတည်ပြုသွားမယ်လို့ သူက ဆိုပါတယ်။

တခြား နိုင်ငံတွေက အမေရိကန် အပေါ် ကုန်သွယ်ရေး အရ တရားမျှတမှု ကင်းမဲ့စွာ ဆက်ဆံတဲ့ အတွက် အမေရိကန်ရဲ့သံမဏိနဲ့ အလျူမီနီယံ ထုတ်လုပ်တဲ့ ကဏ္ဍကို ပြန်လည် တည်ဆောက်လိုတယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။

အောက်လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ယန်ကတော့ မစ္စတာ ထရမ့် အနေနဲ့ အခွန်တိုးကောက်မှုရဲ့ နောက်ကွယ်က မလိုလားအပ်တဲ့ ပြဿနာတွေကို ထည့်သွင်း စဉ်းစားလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ဆိုပါတယ်။

G7 ညီလာခံ ပူးတွဲကြေညာချက် ထွက်မလာနိုင်

ထရမ့်ရဲ့ အခွန်ကို အိန္ဒိယက တန်ပြန်ပြီ

အမေရိကန်ကို သွင်းလာတဲ့သံမဏိနဲ့ အလူမီနီယံတွေ အပေါ် သွင်းကုန် အခွန်ကောက်မယ့် သမ္မတ ထရမ့်ရဲ့ ကြေညာချက် အပေါ် အဓိက ကုန်သွယ်ဖက်တွေက ဒေါသတကြီး တုန့်ပြန်ခဲ့ကြပြီး သူတို့လည်း အလားတူ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဥရောပ သမဂ္ဂနဲ့ ကနေဒါ တို့က ပြောခဲ့တာ ဖြစ်ပါတယ်။

အခုလို အမေရိကန်ရဲ့ သွင်းကုန်ခွန် ကောက်ခံမှုကြောင့် ထောင်နဲ့ချီတဲ့ ဥရောပက လူတွေ အတွက် အလုပ်အကိုင် လက်မဲ့ ဖြစ်သွားစေနိုင်တာကြောင့် ဥရောပ သမဂ္ဂက ဒီကိစ္စကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ ဥရောပ ကော်မရှင်ဥက္ကဌ Jean-Claude Juncker က ပြောပါတယ်။

မက္ကဆီကိုနဲ့ တရုတ်တို့ကလည်း အမေရိကန် အပေါ် အလားတူ တုံ့ပြန်မှု လုပ်သွားမယ်လို့ ဆိုပါတယ်။

အခုလို သွင်းကုန်ခွန် ကောက်ခံမှုကြောင့် အမေရိကန်တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကို အကာအကွယ်ပေးစေမှာ မဟုတ်ဘဲ သုံးစွဲသူတွေသာ စျေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်သူတချို့က ပြောနေပါတယ်။