IOM အကြီးအကဲ နေရာကနေ အမေရိကန် ဖယ်ပေးရတော့မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption IOM အကြီးအကဲအဖြစ် မစ္စတာ Ken Isaacs ကို သမ္မတ ထရမ့်က အဆိုတင်သွင်းခဲ့

IOM ကုလသမဂ္ဂရဲ့ နိုင်ငံရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာအဖွဲ့ရဲ့ အကြီးအကဲအဖြစ် အမေရိကန် သမ္မတ ထရမ့်က အဆိုပြု တင်သွင်းသူကို အဖွဲ့ဝင် နိုင်ငံတွေက ကန့်ကွက် ပယ်ချလိုက်ပြီး သူ့နေရာမှာ ပေါ်တူဂီ ဝါရင့် နိုင်ငံရေးသမား တဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

ခရစ်ယာန် ပရဟိတ အဖွဲ့တဖွဲ့ရဲ့ အမှုဆောင်ချုပ် တဦး ဖြစ်တဲ့ Ken Isaacs ဟာ အဖွဲ့ဝင် နိုင်ငံတွေ ၃ကြိမ်မြောက် မဲခွဲအပြီးမှာ ပယ်ချခံခဲ့ရတာပါ။

သူ့အစား ပေါ်တူဂီ ဒုတိယ ဝန်ကြီးချုပ်ဟောင်း Antonio Vitorino ကို ရွေးချယ် တင်မြှောက်လိုက်ကြပါတယ်။

မစ္စတာ Isaacs ဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တဲ့ မှတ်ချက်တွေ ပေးခဲ့ဖူးတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။

အစ္စလာမ် ဘာသာဟာ အကြမ်းဖက်တဲ့ ဘာသာ ဖြစ်တယ်၊ ငြိမ်းချမ်းတဲ့ ဘာသာ မဟုတ်ဘူး ဆိုပြီး သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့အပြီး ပြန်တောင်းပန်ခဲ့ရပါတယ်။

ဒါ့အပြင် လူသားတွေရဲ့ ပြုမှုလုပ်ဆောင်မှုနဲ့ ရာသီဥတု ပြောင်းလဲလာနေမှု ဆက်နွယ်နေတယ် ဆိုတဲ့အချက်ကို လက်မခံဘူးလို့လည်း မစ္စတာ Isaacs က ငြင်းဆိုထားပါတယ်။

နိုင်ငံ ရွှေ့ပြောင်း ဝင်လာသူတွေ ပြဿနာကို တူညီတဲ့ နည်းလမ်းနဲ့ တုံ့ပြန်ဖြေရှင်းဖို့ EU ရဲ့ ကြိုးပမ်းနေမှုဟာလည်း EU ဥရောပ သမဂ္ဂ ကော်မရှင်နာ မင်းကြီးဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ မစ္စတာ Vitorino အရွေးခံခဲ့ရမှုမှာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် IOM
Image caption လက်ရှိ အမေရိကန် ဝါရင့် သံတမန် William Lacy Swing ရဲ့နေရာကို မစ္စတာ Antonio Vitorino ရ

အမေရိကန် နိုင်ငံထဲ တရားမဝင် ဝင်လာသူ မိဘတွေနဲ့ သူတို့ရဲ့ သားသမီး ကလေးငယ်တွေကို သီးသန့် ခွဲထားဖို့ အပါအဝင် သမ္မတ ထရမ့်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရချိန်မှာပဲ IOM အဖွဲ့ အကြီးအကဲအတွက် မဲခွဲ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို မစ္စတာ Isaacs အရွေးမခံရတာဟာ အမေရိကန် နိုင်ငံအပေါ် အရေးမစိုက်ဘူးဆိုတာကို ပေါ်ပေါ်တင်တင် ပြလိုက်တာလို့ အများက ရှုမြင်ကြမှာ ဖြစ်ပြီး IOM အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းမှာ အမေရိကန်က နှစ်ပေါင်း ၅၀ နီးပါး ဦးဆောင်လာတာကို ဆုံးခန်းတိုင်သွားတော့မှာ ဖြစ်ပါတယ်။

၁၉၆၁ခုနှစ်ကနေ ၁၉၆၉ ခုနှစ်အထိက လွဲလို့ IOM အဖွဲ့ကြီးရဲ့ ၆၇နှစ်ကြာ သက်တမ်းတလျှောက်လုံးကို အမေရိကန်ကပဲ ဦးဆောင်လာခဲ့တာပါ။

နိုင်ငံရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကြီးရဲ့ နှစ်စဉ် အသုံးစရိတ် တစ်ဘီလျံ ဒေါ်လာရဲ့ သုံးပုံ တပုံလောက်ကို အမေရိကန်က ထောက်ပံ့ပေးနေတာမို့ အခုအခါ ဒီထောက်ပံ့ငွေတွေ မရတော့မယ့် အခြေအနေမျိုး ဆိုက်လာနိုင်တယ်လို့ တချို့က စိုးရိမ်နေကြပါတယ်။