ဂူထဲ ပိတ်မိတာ ၈ ရက်မြောက်ရှိလာပြီ

ဓာတ်ပုံ မူပိုင် กองทัพเรือ BBC Thai
Image caption ခါတိုင်းဆို ဒီနေရာတောင် ရောက်ဖို့မလွယ်ပါ

လူငယ် ဘောလုံးသမား ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြဖြစ်သူတို့ ဂူထဲပိတ်မိနေတာ အခုဆိုရင် တပတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် စနေနေ့က သူတို့ဟာ ဘောလုံးလေ့ကျင့်ခန်း အစီအစဉ်အပြီးမှာ ထိုင်းမြောက်ပိုင်း မယ်ဆိုင်နားက ဂူကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ စက်ဘီးတွေကိုတော့ အဝင်ဝမှာပဲ ကျန်လျက်တွေ့ခဲ့ရပြီး သည်းထန်တဲ့ မိုးတွေကလည်း ဂူထဲကို ရေတွေ ဖုံးလွှမ်းစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် တပတ်လုံးလုံး ရှာဖွေကယ်ဆယ်ရေးသမားတွေက အပြင်းအထန် ရှာခဲ့ပေမယ့် ဂူအတွင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်နေလို့ ဂူအတွင်းဆုံးနေရာရှိရောက်ရှိအောင် မသွားနိုင်ခဲ့ကြပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ရဟတ်ယာဉ်အပါအဝင် ဒရုန်းတွေနဲ့ ရှာဖွေမှုတွေ လုပ်

ထိုင်းနိုင်ငံရဲ့ စတုတ္ထအကြီးဆုံး ဂူအတွင်းမှာ လုပ်နေတဲ့ ရှာဖွေ ကယ်ဆယ်မှုတွေမှာ ထိုင်းတော်ဝင် ရေတပ်က ရေငုပ်သမားတွေလည်း ပါဝင်သလို ဗြိတိန် ၊ အမေရိကန်တို့က ရေငုပ်သမားတွေလည်း ပါဝင်ပါတယ်။

ရဟတ်ယာဉ်အပါအဝင် ဒရုန်းတွေနဲ့ ရှာဖွေမှုတွေ လုပ်သလို ဇွန်လ ၃၀ ရက်နေ့မှာတော့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေစုပ်စက်နဲ့ ဂူအတွင်းက ရေတွေကို စုပ်ယူမှုပြုလုပ်ခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်ညပိုင်းက စလို့ မိုးက မသည်းထန်တော့ပဲ ဒီကနေ့မှာလည်း ရာသီဥတုကောင်းမွန်နေတာကြောင့်လည်း ဂူအတွင်း အတော်အတွင်းကျတဲ့ နေရာတွေအထိ ကယ်ဆယ်ရေးသမားတွေ သွားလာနိုင်တာ တွေ့ရတယ်လို့ ထိုင်းနိုင်ငံသားတဦးဖြစ်တဲ့ ပီမုခ့်ရန်ကန်နမ်က ဘီဘီစီမြန်မာပိုင်းကို ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။ ပုံမှန်ရက်တွေဆိုရင် ရေစီးသန်တာကြောင့် ရေအားကိုမနည်းဖြတ်နေရပေမယ့် ရေက တဖြည်းဖြည်းကျလာတာကြောင့် အတွင်းပိုင်းအထိ သွားလာနိုင်တာဖြစ်တယ်လို့ ဇွန်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ သူက ပြောပါတယ်။

Image caption ဂူဝင်ပေါက် ကယ်ဆယ်ရေးအဖွဲ့ ရောက်နေတဲ့ နေရာနဲ့ ကလေးတွေ သောင်တင်နေတယ်လို့ ခန့်မှန်းထားတဲ့ နေရာ
ဓာတ်ပုံ မူပိုင် BBC Thai
Image caption ရေစုပ်စက်နဲ့စုပ်တယ်
  • ဂူ ကို ဒုတိယအကြိမ်မြောက် ထပ်ကြွတဲ့ မိုင်းဖုန်းဆရာတော်

ထိုင်း ၊ လာအို ၊ မြန်မာ နဲ့ ဘူတန်နိုင်ငံတွေမှာ လူသိများတဲ့ မိုင်းဖုန်းဆရာတော်ဟာ ဒီကနေ့မှာလည်း ဂူကို ကြွရောက်ခဲ့ပြီး ၂ နာရီအကြာ ဆုတောင်းမေတ္တာပို့သမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆရာတော်ဟာ ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီကျော်အချိန်ကလည်း ဂူကို ပထမအကြိမ်ကြွရောက်ခဲ့ပါသေးတယ်။

ဓာတ်ပုံ မူပိုင် Sai Zaw Min
Image caption • ဂူ ကို ဒုတိယအကြိမ်မြောက် ထပ်ကြွတဲ့ မိုင်းဖုန်းဆရာတော်

ဒီကနေ့မှာပဲ ရှမ်းပြည်နယ်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မယ်ဆိုင်က ဂူတည်ရှိရာ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရှာဖွေရေးလုပ်ငန်းစဉ်တွေမှာ အကူအညီပေးဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

ဒီမနက်မှာ နည်းနည်းပါးပါး ဖွဲဖွဲတော့ မိုးကျပေမယ့် ခု ရေစုပ်စက်အကြီးစားနဲ့စုပ်ထုတ်တော့ ဂူထဲကရေသိသိသာသာကြီးကျသွားပြီ။ ရေတပ် တပ်ဖွဲ့ဝင်တွေတွေလည်း ဂူ အတွင်းပိုင်းအထဲထိ တော်တော်လေးကို ဝင်သွားနိုင်ပြီလို့ ထိုင်းမြောက်ပိုင်းမှာ နေထိုင်တဲ့ ရှမ်းအမျိုးသမီးတဦးကလည်း ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ