ထရမ့်ကို မကျေနပ်လို့ အမေရိကန် သံအမတ် နုတ်ထွက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အက်စတိုးနီးယားနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး James D Melville

သမ္မတ ၆ ဦးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အက်စတိုးနီးယားနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျိမ်းစ်ဒီမဲလ်ဗီး နုတ်ထွက်သွားပါတယ်။

ဥရောပက အမေရိကန် မဟာမိတ်နိုင်ငံတွေအပေါ်ထားတဲ့ သမ္မတထရမ့်ရဲ့ မူဝါဒနဲ့ သဘောထားတွေအပေါ် မကျေနပ်လို့ မစ္စတာ မဲလ်ဗီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ ယူဆရကြောင်း အမေရိကန် Foreign Policy မဂ္ဂဇင်းက ရေးပါတယ်။

နေတိုးနဲ့ ဥရောပသမဂ္ဂ(EU)အပေါ် သမ္မတ ထရမ့်ရဲ့ မှတ်ချက်က နုတ်ထွက်ဖို့ ဆုံးဖြတ်စေတာလို့ သံအမတ် မစ္စတာ မဲလ်ဗီး ရဲ့ လူမှုကွန်ရက် ပိုစ့်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး နုတ်ထွက်

သမ္မတ ထရမ့်အစိုးရက တချို့ EU နိုင်ငံတွေအပေါ် ကုန်သွယ်ရေးအခွန်တွေ တိုးမြှင့် ကောက်ခံခဲ့သလို နေတိုးမဟာမိတ်အဖွဲ့ရဲ့ ကုန်ကျစရိတ်တွေကို အမေရိကန်က မမျှမတ ကျခံနေရတယ်လို့ သမ္မတ ထရမ့်က စွပ်စွဲ ခဲ့ပါတယ်။

ဒီသဘောထား မှတ်ချက်တွေကြောင့် နုတ်ထွက်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်း မစ္စတာ မဲလ်ဗီးက Facebook မှာ ရေးသားခဲ့တာလို့ Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။

မစ္စတာ မဲလ်ဗီး နုတ်ထွက်ဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ဇူလိုင် ၂၉ ရက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပေါ် ဇွန် ၂၂ ရက်က သမ္မတ ထရမ့်က ထပ်မံ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ စပိန်နဲ့ပြင်သစ်တို့က အဖွဲ့အတွက် ငွေကြေးတွေ ပိုမိုထည့်ဝင်သင့်တယ်လို့ သူက ပြောပါတယ်။

၂ဝ၁၅ ခုနှစ်မှာ သမ္မတ အိုဘားမားက မစ္စတာမဲလ်ဗီးကို အက်စ်တိုးနီးယား နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း ဥရောပတိုင်းပြည်တွေမှာ အဆင့်မြင့်သံတမန် တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မစ္စတာ မဲလ်ဗီး ဟာ ရုရှား၊ ဂျာမန်နဲ့ ပြင်သစ် စကားတွေကို ပြောဆိုနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ပနားမားဆိုင်ရာ အမေရိကန် သံအမတ်က သမ္မတ ထရမ့် လက်အောက်မှာ တာဝန်မထမ်းဆောင်နိုင်ဘူးဆိုပြီး နုတ်ထွက်ခဲ့ပါတယ်။

ဒါအပြင် ဆိုမာလီယာက အမေရိကန်ရဲ့ နိုင်ငံရေးဆိုင်ရာ အရာရှိလည်း လူ့အခွင့်အရေးကို အမေရိကန်က ဦးစားမပေးတော့တာကြောင့် နုတ်ထွက် သွားပါတယ်။