ထိုင်းဂူမှာပိတ်မိသူတွေအတွက် ကယ်ဆယ်ရေးအရှိန်တိုးမြှင့်

ဂူ,ထိုင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

လိုဏ်ဂူအတွင်းထဲက ရေမလွှမ်းနိုင်တဲ့ တောင်ပူစာကုန်းကမူကလေးနေရာမှာ သူတို့ ခိုလှုံနေကြမယ်လို့လည်း မျှော်လင့်နေကြ

တပတ်ကျော်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ပျောက်ဆုံးနေတဲ့ကလေးတွေ ပိတ်မိနေတဲ့နေရာလို့ယူဆထားတဲ့ နေရာအနားကို ထိုင်းရေတပ်က ရေငုပ်သမားတွေရောက်ရှိလာခဲ့ပါပြီ။

အသက် ၁၁ ကနေ ၁၆ နှစ်အရွယ်ရှိလူငယ်တွေနဲ့ သူတို့ရဲ့ ဘောလုံးအသင်းနည်းပြတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသ ထမ်လွန်းဂူထဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့ကြတာပါ။

လှိုဏ်ဂူအတွင်းထဲက ရေမလွှမ်းနိုင်တဲ့ တောင်ပူစာကုန်းကပူလေးနေရာမှာ သူတို့ ခိုလှုံနေကြမယ်လို့လည်း တချို့ ကမျှော်လင့်နေကြပါတယ်။

ကယ်ဆယ်ရေးသမားတွေအနေနဲ့ အတွင်းထဲအထိ သွားလာနိုင်ပေမယ့် ရှာဖွေရေးအစီအစဉ်ကိုလုပ်ဆောင်နေပေမယ့် ဂူထဲကရေတွေကြောင့် ကယ်ဆယ်ရေးက နှေးကွေးနေဆဲလို့သိရပါတယ်။

မြေအောက်ထဲမှာ နေဖို့အတွက် လုံလောက်တဲ့ အသုံးအဆောင် အဝတ်အထည်တွေ မပါတဲ့အပြင် ပြင်းထန်စွာ မိုးရွာသွန်းမှုကြောင့် ဂူထဲရေတွေပြည့်နေတာ စတဲ့အချက်တွေကြောင့် ကလေးတွေနဲ့ သူတို့နည်းပြက အသက်ရှင်လျက် ပြန်တွေ့နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း ဖြစ်စေခဲ့ပါတယ်။

ရေတပ်ဗိုလ်ချုပ် အပါကွန် ယူကွန်ကော့ကတော့ သူ့ရဲ့ ရေငုပ်သမားတွေဟာ အလွန်ရှုပ်ထွေးစွာတည်ရှိနေတဲ့ ဂူအတွင်းပိုင်းက ဂူပေါက်နံပတ် ၃ ဆိုတဲ့ နေရာကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနေရာဟာ ပြီးခဲ့တဲ့အပတ်က သူတို့ရှာဖွေမှုတွေ စလုပ်ခဲ့တဲ့တုန်းက ရောက်ရှိခဲ့ဖူးတဲ့ နေရာဖြစ်ပြီး ရေလွှမ်းမိုးမှုကြောင့် ပြန်လည်ဆုတ်ခွာလာရတဲ့ နေရာလည်း ဖြစ်ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ဂူပေါက်ဝကနေ ၂ မိုင်လောက်အကွာမှာရှိတဲ့ ပတ္တယားကမ်းခြေ လို့ ဒေသခံတွေခေါ်ကြတဲ့ နေရာကို ရောက်ဖို့ ရေငုပ်သမားတွေဟာ တတိယလှိုဏ်ဂူကို ရောက်နေကြပါပြီ အဲဒီနေရာကို ဖြတ်ကျော်ပြီးရင် ၊ပတ္တယား ကမ်းခြေဆိုတဲ့ နေရာကို ရောက်ပါပြီ။ အဲဒီနေရာက မှောင်လည်းမှောင် ရေလည်းလွှမ်းနေတော့ ဖြတ်ကျော်ရတာ ခက်ခဲပါတယ်။ ဒီကနေ့အတွက် အရေးကြီးတဲ့ ကိစ္စကတော့ ကလေးတွေရှိနေတဲ့နေရာကို အမြန်ဆုံးရောက်ဖို့ အရှိန်မြှင့်ပြီးလုပ်ဆောင်ကြဖို့ပဲဖြစ်ပါတယ်လို့ ရေတပ်ဗိုလ်ချုပ်က ပြောပါတယ်။

ရေစုပ်ပိုက်တွေဟာ ၁ နာရီကို လီတာ ၁ သောင်းလောက်ရှိတဲ့ ရေတွေကို စုပ်ထုတ်နေပေမယ့် တချို့နေရာတွေကတော့ ရေတွေဖုံးလွှမ်းနေဆဲဖြစ်ပါတယ်။

အခုရေငုပ်သမားတွေ ရောက်နေတဲ့နေရာဟာ လုံးဝမှောင်မည်းနေတဲ့ နေရာဖြစ်တဲ့အတွက် ၆၀၀ မီတာလောက်ကို သွားနိုင်ဖို့အတွက် ၈ နာရီလောက် အချိန်ယူခဲ့ရတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ နာဂွန်ဆတ် အိုဆော့တာနာကွန်က မီဒီယာတွေကို ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ သန့်ရှင်းတဲ့ ရေကို ရသလားဆိုတဲ့အချက်က အရေးကြီးပြီး သူတို့အနေနဲ့ ၈ ရက်လောက် အစားအစာမရဘဲ အသက်ရှင်နိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနက ဒါရိုက်တာ ဆွန်ဆပ်အာကာဆစ်ပ်က ပြောပါတယ်။

သူတို့ဟာ မသန့်ရှင်းတဲ့ ရေကြောင့် ရောဂါကူးစက်နိုင်ခြေ၊ ဒါမှမဟုတ် ဂူအတွင်းက တိရစ္ဆာန်တွေနဲ့လည်းတွေ့နိုင်ခြေအန္တာရယ်လည်း ရှိနိုင်တယ်လို့ သူက ထည့်သွင်းပြောဆိုပါတယ်။

ဂူရဲ့ အပူချိန်ဟာ ၂၀ ဒီဂရီ စင်တီဂရိတ်ကနေ ၂၅ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ ယူဆထားကြပြီး ရေစိမ့်ဝင်နိုင်တဲ့ ထုံးကျောက်ဂူဖြစ်တာကြောင့်လည်း လုံလောက်တဲ့ အောက်ဆီဂျင်ရှိနေမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း မြောက်ပိုင်း ချင်းရိုင်ဒေသက ဂူတချို့မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပါတဲ့ လေတွေ ခိုအောင်းနေလေ့ရှိပါတယ်။