မက္ကဆီကို ရွေးကောက်ပွဲ လက်ဝဲယိမ်း လိုပက် အိုဘရာဒါ အနိုင်ရ

မက္ကဆီကို , လိုပက် အိုဘရာဒါ,လက်ဝဲယိမ်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် လက်ဝဲဝါဒီတဦးဟာ မက္ကဆီကိုရဲ့ သမ္မတ ဖြစ်လာခဲ့

ကျင်းပခဲ့တဲ့ မက္ကဆီကို ရွေးကောက်ပွဲအတွက် မဲရေတွက်မှုတွေ ပြုလုပ်နေပြီး လက်ဝဲယိမ်း သမ္မတလောင်းဖြစ်တဲ့ လိုပက် အိုပရာဒါက အပြတ်အသတ်အနိုင်ရနိုင်တဲ့ အနေအထားမျိုးနဲ့ ဖြစ်လာခဲ့ပါတယ်။

ပြိုင်ဘက် သမ္မတလောင်းတွေကတော့ သူတို့အရေးနိမ့်ကြောင်း ဝန်ခံခဲ့ကြပြီးဖြစ်ပါတယ်။

တနင်္ဂနွေက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မက္ကဆီကို စီးတီး မြို့တော်ဝန်ဟောင်းဖြစ်တဲ့ လိုပက်အိုဘရာဒါဟာ သူ့ရဲ့ ပြိုင်ဘက်တွေထက် နှစ်ဆပိုမိုတဲ့ ၅၃ ရာခိုင်နှုန်းသောမဲအရေအတွက်ကို ရရှိပြီး အနိုင်ရရှိခဲ့ပြီလို့ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အာဏာပိုင်က ပြောပါတယ်။

သူ့ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေကတော့ သူတို့အနေနဲ့ ရှုံးနိမ့်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံခဲ့ကြသလို အခုလို လိုပက် အိုဘရာဒါ အနိုင်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

အာဏာရပါတီရဲ့ သမ္မတလောင်းဖြစ်တဲ့ အန်တီနီယို မဲဒီကတော့ ဒီရွေးကောက်ပွဲမှာ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အိုဘရာဒါဦးဆောင်မဲ့ အစိုးရအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိပါစေကြောင်း သူက ဆုတောင်းပေးခဲ့ပါတယ်။

ရှေးရိုးစွဲဝါဒီတွေရဲ့ ပါတီဖြစ်တဲ့ PAN နေရှင်နယ်လှုပ်ရှားမှု ပါတီ သမ္မတလောင်း ရီကာဒို အန်နေယာကတော့ မစ္စတာ လိုပက် အိုဘရာဒါရဲ့ အောင်ပွဲကို အသိအမှတ်ပြုပြီး မက္ကဆီကို နိုင်ငံကို အောင်အောင်မြင်မြင်နဲ့ ဦးဆောင်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် ဦးဆောင်မယ်ဆိုပြီး ကတိပေးခဲ့သူ အိုဘရာဒါဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးဆိုင်ရာ ကိစ္စတွေဟာ သူ့အစိုးရက ဦးစားပေးလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်တယ်လို့လည်း ရွေးကောက်ပွဲအပြီး ပထမဆုံးသူ့ရဲ့ မှတ်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း လိုပက် အိုဘရာဒါရွေးချယ်ခံရမှုအပေါ် ဝမ်းမြောက်ကြောင်း သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

လက်ဝဲယိမ်း လိုပ်က အိုဘရာဒါ ရွေးကောက်ခံရမှုဟာ မက္ကဆီကိုရဲ့ ရွေးကောက်ပွဲ သမိုင်းတလျှောက် ပါတီနှစ်ပါတီထဲက ဦးဆောင်ခဲ့တဲ့ အနေထားကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် လက်ဝဲဝါဒီတဦးဟာ မက္ကဆီကိုရဲ့ သမ္မတ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။