ဝန်ထမ်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီတွေမှာ တပတ်ကို အနည်းဆုံး ၅၂ နာရီ အလုပ်လုပ်ဖို့ အစိုးရက တရားဝင် သတ်မှတ်ခဲ့

တောင်ကိုရီးယား၊ အလုပ်ချိန်၊ အထည်ချုပ် စက်ရုံ
ဓာတ်ပုံ ပုံစာ,

တောင်ကိုရီးယား ချည်မျှင် အထည်ချုပ် စက်ရုံတခုက အလုပ်သမားတွေ

တောင်ကိုရီးယားနိုင်ငံမှာ ဝန်ထမ်း ၃၀၀ ကျော်ရှိတဲ့ ကုမ္ပဏီတွေမှာ တပတ်ကို အနည်းဆုံး ၅၂ နာရီ အလုပ်လုပ်ဖို့ အစိုးရက တရားဝင် သတ်မှတ်ခဲ့အပြီး ဇူလိုင်လ ၂ရက်နေ့မှာ စတင် အကောင်ထည် ဖော်နေပါ တယ်။

တောင်ကိုရီးယားနိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးတာကြောင့် အလုပ်သမား အများစုက အလုပ်လုပ်ချိန်နဲ့ ပတ်သက်တဲ့ အခွင့်အရေး၊ စံနှုန်းနဲ့ ဥပဒေကို အလေးမထားခဲ့ကြပါဘူး။

၁၉၅၃ ခုနှစ်က စပြီး အလုပ်သမားတွေ တပတ်ကို အနည်းဆုံး ၄၈ နာရီ အလုပ်လုပ်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အလုပ်သမားနဲ့ အလုပ်ရှင်တို့ သဘောတူတယ် ဆိုရင် တပတ်ကို နာရီ ၆၀ အထိ အလုပ်လုပ်ခွင့် ရှိခဲ့ပါတယ်။

၁၉၆ဝ နဲ့ ၇ဝခုနှစ်တွေမှာ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ Jeon Tae Ilက အလုပ်သမား အခွင့်အရေးတွေ ပိုမိုကောင်းမွန်ဖို့နဲ့ အလုပ်ချိန်ကို လျှော့ချ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း စီးပွားရေး အလျင်အမြန် တိုးတက်လာတာကြောင့် ၁၉၈၀ ခုနှစ် နောက်ပိုင်းအထိ တပတ်ကို အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ နာရီကို မလျှော့ချ နိုင်ခဲ့ပါဘူး။

၁၉၈၉ ခုနှစ်မှာတော့ လူမှုရေး လှုပ်ရှားမှုနဲ့ စီးပွားရေး တိုးတက်မှု တွေကြောင့် အရင်က သတ်မှတ်ထားတဲ့ တပတ် အလုပ်ချိန် ၄၈ နာရီကနေ ၄၄ နာရီအထိ ၄ နာရီ လျှော့ချခဲ့ပါတယ်။

အချိန်ပိုနဲ့ အားလပ်ရက်အပါအဝင် တပတ် စုစုပေါင်း အလုပ်ချိန်ကိုတော့ ၆၈ နာရီအထိပဲ လုပ်ခွင့်ပေးခဲ့ပါတယ်။

၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေး အကြပ် အတည်းကြောင့် တပတ်ကို ၄၄ နာရီပဲ အလုပ်လုပ်ခွင့် ပေးခဲ့ပါတယ်။

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ တပတ်မှာ ၅ ရက် အလုပ်လုပ်ဖို့ စနစ်ကို အကောင်အထည် ဖော်ခဲ့သလို အလုပ်လုပ်ချိန်ကို တပတ် နာရီ ၄ဝ သတ်မှတ် ခဲ့ပါတယ်။

ဒါပေမယ့် အချိန်ပို ၁၂ နာရီနဲ့ အားလပ်ရက် အလုပ်လုပ်ခွင့်တွေ ပေါင်းလိုက်ပြီး တပတ်ကို စုစုပေါင်း ၆၄ နာရီအထိ အလုပ်လုပ်ဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၈၅ခုနှစ်က ဒေဝူး ကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြနေစဉ်

တောင်ကိုရီးယား အများစုက အလုပ်ချိန် များများ လုပ်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို အားကောင်းစေမယ်လို့ ယုံကြည် ခဲ့ကြပေမယ့် အခုတော့ ဒီယုံကြည်မှုက ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။

အခုတော့ ဝန်ထမ်း ၃၀၀ ရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဝန်ထမ်းတွေကို တပတ် ၅၂ နာရီသာ လုပ်ဖို့ ပြောင်းလဲ သတ်မှတ် လိုက်တာဟာ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမို တိုးတက်လာစေမှာ ဖြစ်ပြီး ထုတ်လုပ်မှုကို မြင့်တက်လာမယ်လို့ တောင်ကိုရီးယား အလုပ်သမား ဝန်ကြီး Kim Young Jooက ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကလည်း ဒီဥပဒေအပေါ် အပြုသဘော ဆောင်တဲ့ အမြင်ရှိနေပါတယ်။

တကယ်လို့ ဒီသတ်မှတ်ချက်ကို မလိုက်နာဘူးဆိုရင် အလုပ်ရှင်အနေနဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ဝမ် ၂ သန်း အထိ ဒဏ်ငွေကျခံရမှာ ဖြစ်ပါတယ်။

ဒါအပြင် ၂၀၂၀ ခုနှစ်ကနေ စပြီး ဝန်ထမ်း ၅၀ ရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်း တွေကို သတ်မှတ် နာရီ ၅၂ နာရီပဲ အလုပ်လုပ်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။