ကလေးတွေကို ရေငုပ်သင်ပေးမယ် ဆိုပြီး ထိုင်းစစ်တပ်က ပြောဆို

Image caption ကလေးတွေကို မသေမပျောက် ပြန်တွေ့ ခဲ့ရလို့ အားလုံး ဝမ်းသာ နေကြ

ထမ်လွန်ဂူကြီးထဲမှာ ကလေးတွေကို မသေမပျောက် ပြန်တွေ့ ခဲ့ရလို့ အားလုံး ဝမ်းသာ နေကြရပေမယ့်၊ ကလေးတွေ ဘေးကင်းရန်ကင်း နဲ့ ကယ်ထုတ် နိုင်ဖို့ အတွက် က အချိန်ယူ ရဉီးမှာပါ။

မှောင်မည်းပြီး ရေလွှမ်းနေတဲ့ ဂူကြီးထဲ က အသက်ဘေးကလွတ်အောင် ရေပေါ် နည်းနည်းပဲ မြင့်တက်နေတဲ့ ကျောက်သားအမြင့်ပေါ် ခိုကပ်နေကြရတဲ့ ကလေးတွေရဲ့ ကျန်းမာရေးက အဓိကပါ။

ကလေးတွေကို ဗြိတိန် ရေငုပ်သမားတွေ စတွေ့ပြီး သူတို့ အားလုံး မသေမပျောက် ရှိနေကြတယ် ဆိုတာကို အတည်ပြု နိုင်ခဲ့တာပါ။

အဲဒီကတည်းက အစားအသောက်နဲ့ ဆေးဝါး ပစ္စည်းတွေကို ကလေးတွေ ရှိတဲ့ ဂူအတွင်းပိုင်း နေရာအထိ ပို့ဆောင် ထားပြီး ၄ လ စာလောက် ဖူလုံအောင် အစား အစာတွေ ပို့သွားမယ်၊ ကလေးတွေကို ရေငုပ်သင်ပေးမယ် ဆိုပြီး ထိုင်းစစ်တပ်က ပြောဆို ခဲ့ပါတယ်။

Image caption ဝင်ရောက်ရာ လမ်းကြောင်းပြ မြေပုံ

ဒီတော့ ကလေးတွေကို ဂူပြင်အရောက် ခေါ်ထုတ် လာဖို့ ဆိုရင် နောက်ထပ် လေးလ အချိန်ယူရဦးမလား ဆိုတဲ့ တွက်ဆမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာစေပါတယ်။

တကယ်တော့ ထိုင်းအာဏာပိုင်တွေ အနေနဲ့ ကလေးတွေကို ဘယ်အချိန် ဂူပြင်အရောက် ကယ်ထုတ်ပေးမယ် ဆိုပြီး ခုလို တကမ္ဘာလုံးက စောင့်ကြည့် နေချိန်မှာ အတိတကျ အာမခံ ပြောဖို့ ခက်နေပါတယ်။

ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေကို ဆန်းစစ် ကြည့်နိုင်သလောက် ပြောရရင်၊ ကလေးအများစုက အခြေအနေကောင်း ကြပါတယ်။ အများစုကို အစိမ်းရောင် အဆင့် ကောင်းမွန်တယ်လို့ ပြောရမှာ ဖြစ်ပြီး တချို့ကတော့ အနည်းအကျဉ်း ဒဏ်ရာ အနာတရမျိုး ရှိနေလို့ အဝါရောင် အဆင့်လို့ ပြောနိုင်ပါတယ်။

Image caption ရေငုပ် ခေါ်ထုတ်ဖို့ တခြားရွေးစရာ မရှိတော့မှ အဲဒီနည်း သုံးသင့်တယ်လို့ မစ္စတာ ဆိုရင်ဆွန်က ဆို

အနီရောင် အဆင့် သတ်မှတ်ရလောက်အောင် စိုးရိမ်ရတဲ့ သူမျိုးတော့ ရှိမနေပါဘူး ဆိုပြီး ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူး နာရုံဆတ် အော့စ်တာနာကွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။

ကလေးတွေဆီ အရောက် စေလွှတ်ခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကလည်း ကနဦး စစ်ဆေးမှု တွေ ပြုလုပ်ခဲ့ကြပြီး သူတို့တွေရဲ့ အခြေအနေ ကို အဆင့်ဆင့် တင်ပြခဲ့ပြီး အခုဆိုရင် ဂူအဝင် နား မှာလည်း ယာယီ အရေးပေါ် ဆေးကုသရေး နေရာ ကိုလည်း အသင့်ပြင်ထားပြီး ဖြစ်ပါတယ်။

ကလေးတွေဟာ ဂူထဲမှာ ကိုးရက် လုံးလုံး အစာ မစားရဘဲ ပြတ်တောက်နေခဲ့တော့ အဟာရ စနစ်တကျ ပြန်ပြည့်လာအောင် အာရုံစိုက် လုပ်ဆောင် ပေးနေပါတယ်။

ဒီတော့ လက်ရှိ ဂူ မှာ ရေဆက် လွှမ်းနေတဲ့ အခြေအနေမှာ ကလေးတွေကို အပြင်ထုတ်လာဖို့ ဆိုရင် အမှောင်ထု ကြီးစိုးနေတဲ့ အခက်အခဲ ကို အရင်ဆုံး ဖြတ်ကျော်ဖို့ စဉ်းစား ရမယ်လို့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် နေတဲ့ နိုင်ငံတကာ အဖွဲ့က အက်ဒ် ဆိုရင်ဆွန် ဘီဘီစီကို ပြောပါတယ်။

Image caption နွေးနွေးထွေးထွေး နေနိုင်ဖို့၊ အစာနဲ့ ရေ ဘယ်လောက် ဝင်နေသလဲ ဆိုတာ ဂရုတစိုက်နဲ့ မှတ်တမ်းတင်

ဂူဝင်ဂူထွက် လမ်းကြောင်းတွေ ဘယ်လောက် အတိုင်းအတာထိ ရေအောက် လုံးဝမြုပ်နေသလဲ ဆိုတဲ့ အပေါ်မှာ မူတည် နေတဲ့ အပြင် ဒီလို အနေအထားမှာ မြင်နိုင်စွမ်းအားကလည်း သုံည အမှတ် ရှိနေပြီး၊ ကျောက်တုန်းကျောက်စွယ်တွေလို အဟန့်အတားမျိုးတွေလည်း ရှိနေ ကြောင်းလည်း မစ္စတာ ဆိုရင်ဆွန် က ပြောပါတယ်။

ကလေးတွေကို ရေငုပ်သင်ပေးပြီး ခေါ်ထုတ်သွားဖို့ ဆိုတာ အင်မတန် အန္တရာယ်များ လွန်းတဲ့ အတွက် တခြားရွေးစရာ မရှိတော့မှ မတတ်သာတဲ့ အဆုံး အဲဒီနည်း သုံးသင့်တယ်လို့ မစ္စတာ ဆိုရင်ဆွန်က ဆိုပါတယ်။

ဂူထဲက ရေတွေ ကျသွားဖို့ စုပ်ထုတ် နေရုံတင်မက အခုဆို ဂူနံရံတွေကိုပါ အပေါက်ဖောက်ဖို့ ကြိုးစားနေပေမယ့်၊ မာကျောတဲ့ နံရံကို ဖောက်တဲ့ ကိစ္စကလည်း မလွယ်ကူ နိုင်ပါဘူး။

လက်ရှိ အနေအထားမှာတော့ အစာရေစာတွေ နဲ့ လိုအပ်ရင် အောက်ဆီဂျင် ဖြည့်ပေး တာမျိုးတွေ လုပ်ဆောင် ပေးနေရမှာ ဖြစ်ပြီး၊ ကယ်မထုတ် နိုင်သမျှ ကာလ အပိုင်းအခြားမှာ ကလေးတွေကို ဂူထဲမှာပဲ သက်တောင့် သက်သာနဲ့ နွေးနွေးထွေးထွေး နေနိုင်ဖို့၊ အစာနဲ့ ရေ ဘယ်လောက် ဝင်နေသလဲ ဆိုတာ ဂရုတစိုက်နဲ့ မှတ်တမ်းတင် နေဖို့ အရေးကြီးတယ် ဆိုပြီး ကျွမ်းကျင်သူတွေက ပြောဆို နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးငယ်တွေကို ရှာဖွေခဲ့ပုံ အဆင့်ဆင့်

ဆက်စပ် အကြောင်းအရာများ