ခွံမာသီးစားရင် သုက်ပိုသန်စွမ်း

ဓာတ်ပုံ မူပိုင် Victoria Jones
Image caption သစ်ကြားသီး၊ သစ်အယ်သီး စတဲ့ ခွံမာသီးတွေကို လူကြိုက်များ

ခွံမာသီးတွေကို ပုံမှန် စားပေးရင် အမျိုးသား သုက်ပိုးတွေရဲ့ သန်စွမ်းမှုကို အထောက်အကူပြုတယ်လို့ သုတေသီတွေရဲ့ လေ့လာမှုတခုက ပြနေပါတယ်။

တနေ့ကို လက်နှစ်ခုပ်စာ ဗာဒံသီး၊ ဟေဇယ်သီးနဲ့ သစ်ကြားသီး အစေ့တွေကို စားတဲ့ အမျိုးသားတွေဟာ ၃ လ ကျော်ဆို သူတို့ရဲ့ သုက်တွေ သိသိသာသာ တိုးပွားလာတာ တွေ့ရပြီး အမျိုးသမီး ကိုယ်တွင်းမှာ ပိုပြီး ဖျတ်ဖျတ်လတ်လတ် ကူးခတ်နိုင်တာ ကိုလည်း တွေ့ရတယ် လို့ ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အနောက်တိုင်း နိုင်ငံတွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဆေးလိပ်နဲ့ အစားအသောက်တွေကြောင့် သုက်ပိုး အထွက်ကျတဲ့ ပြဿနာ ဖြစ်နေချိန်မှာ ဒီလေ့လာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးကို အားပေးတဲ့ အစားအသောက် ပုံစံက မျိုးပွားမှုကို အားပေးတဲ့ အထောက်အထားတွေ တွေ့လာရတယ် လို့လည်း သုတေသီတွေက ဆိုပါတယ်။

အိမ်ထောင်စုံတွဲ ၇ စုံ တစုံမှာ ကလေးမရတဲ့ ပြဿနာ ဖြစ်နေပြီး ကလေးမရတဲ့ ကိစ္စ ထက်ဝက်လောက်က အမျိုးသားရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။

ဒီအတွက် သိပ္ပံ ပညာရှင်တွေက ကျန်းမာတဲ့ အမျိုးသား ၁ဝဝ ကျော်ကို အုပ်စု နှစ်စုခွဲပြီး ခွံမာသီးစားတဲ့ အုပ်စုနဲ့ မစားတဲ့ အုပ်စု ဆိုပြီး ခွဲခြား လေ့လာခဲ့ပါတယ်။

တရက်ကို အသီးဆံ နှစ်အောင်စ ထည့်စားတဲ့ အုပ်စုမှာ သုက်ပိုး ကောင်ရေ ၁၄ ရာခိုင်နှုန်း တက်လာပြီး လှုပ်ရှားမှုကလည်း ၆ ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်။

ဓာတ်ပုံ မူပိုင် SCIENCE PICTURE CO/SCIENCE PHOTO LIBRARY
Image caption မျိုးပွားရေးမှာ သုက်ပိုးရဲ့ သန်စွမ်းမှုက အရေးကြီး

အိုမီဂါ ၃ ကြွယ်ဝတဲ့ အစာတွေ၊ အင်တီ အောက်ဆီးဒင့်နဲ့ ဗီတာမင် ဘီ ပါတဲ့ အစာတွေဟာ သန္ဓေတည်မှုကို အားပေးတယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ခွံမာသီးတွေမှာ ဒီဓာတ်တွေ ပါဝင်တဲ့အပြင် တခြား အာဟာရဓာတ်တွေလည်း ပါပါတယ်။

ဒါပေမဲ့ ဒီစမ်းသပ်ခဲ့တဲ့ အမျိုးသားတွေဟာ ကျန်းမာ သန်စွမ်းတဲ့ အရွယ်တွေဖြစ်တဲ့အတွက် တခြား မျိုးပွားတဲ့ ကိစ္စ ပြဿနာရှိသူတွေမှာရော ဒီတွေ့ရှိချက်က အသုံးတည့်ပါမလား စဉ်းစားစရာ ရှိပါတယ်။

မျိုးပွားမှု အပြင် တခြား ဇီဝဖြစ်စဉ်တွေမှာရော ခွံမာသီးကြောင့် တိုးတက်မှုတွေ ရနိုင်တယ် လို့လည်း ဗြိတိန်က ဟော်မုန်း သုတေသီတယောက်က ဆိုပါတယ်။

မျိုးပွားမှု အခက်အခဲ ရှိသူတွေကို ဆေးလိပ်၊ အရက်သောက်တာတွေ ဖြတ်ခိုင်းပြီး ကျန်းမာရေးနဲ့ ညီအောင် စားသောက်ခိုင်းဖို့လည်း လိုကြောင်း ထောက်ပြသူတွေ ရှိပါတယ်။

ဘာစီလိုနာမှာ ကျင်းပတဲ့ လူမျိုးပွားမှု ဆိုင်ရာ ဥရောပ သုတေသန အသင်း နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ဒီသုတေသန စာတမ်းတွေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။