ကျွန်တော်တို့ဗိုက်ဆာတယ်

ဓာတ်ပုံ မူပိုင် AFP/Royal Thai Navy
Image caption ထိုင်းဘောလုံးသမား လူငယ်တွေကို ဗြိတိန်ရေငုပ်သမားက စတင်တွေ့ရှိခဲ့စဉ်

ထိုင်းနိုင်ငံမြောက်ပိုင်း ထမ့်လုံ နမ့်နွန် ဂူထဲ ဇွန်လ ၂၃ ရက်က ဝင်သွားတဲ့ကလေးတွေကို ရှာတွေ့နိုင်ဖို့ ဆယ်ရက်အချိန်ယူခဲ့ရပါတယ်။

ဗြိတိသျှရေငုပ်သမားက ကလေးတွေနဲ့တွေ့လိုက်တဲ့အချိန်မှာ ကလေးငယ်တယောက်က ကျေးဇူး၊ ကျေးဇူးပါလို့ ငိုသံပါနဲ့ ပြောလိုက်တဲ့အသံဟာ တကမ္ဘာလုံးကို လှုပ်ခါသွားစေခဲ့ပါတယ်။

ကလေးတွေဟာ ကျဉ်းမြောင်းကျပ်တည်းတဲ့ဂူထဲမှာ ရေပတ်လည်အဝိုင်းခံထားရပါတယ်။ သူတို့ပတ်ဝန်းကျင်ဟာ အမှောင်အတိကျနေပါတယ်။ သူတို့မှာ ပါလာတဲ့ လက်နှိပ်ဓာတ်မီးကို ချွေတာပြီး ဓာတ်မီးတလက် အားကုန်မှ နောက်တလက်ပြောင်းထွန်းခဲ့ရပါတယ်။ သူတို့ဟာ ဒီရက်တွေ အတွင်းမှာ မိုးရေကို သောက်ပြီး အသက်ရှင်ခဲ့ရပါတယ်။

ထိုင်းကလေးတွေ ဂူထဲမှာ လနဲ့ချီ နေရဖွယ်ရှိ

ထိုင်းကလေးတွေ အသက်ရှင်နေနိုင်သေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ခက်ခက်ခဲခဲ ရေငုပ်ပြီး ဝင်ကယ်ရ

ဒီရက်တွေအတွင်းမှာ သူတို့ဟာ သူတို့အချင်းချင်း အားပေးရှင်သန် နေခဲ့ကြရမှာဖြစ်ပေမယ့် တကယ်တမ်း ကယ်ဆယ်မယ့်သူတွေဟာ အချိန်မီရောက်လာမလား၊ ရောက်မလားဘူးလား ဆိုတာကိုတော့ သူတို့သေသေချာချာ သိခဲ့ကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ရေငုပ်သမား သူတို့ဆီရောက်လာတဲ့ အခါ အငယ်ဆုံး ကလေးငယ်တယောက်က ကျေးဇူး၊ ကျေးဇူးပါလို့ ငိုသံပါနဲ့ ပြောခဲ့တာဖြစ်ပါလိမ့်မယ်။

ရေငုပ်သမားတွေက ငါတို့က ပထမဆုံးရောက်လာတာပဲ။ နောက်ထပ်လည်း အများကြီး ထပ်လာကြလိမ့်ဦးမယ်လို့ အားပေးကြပါတယ်။ သူတို့ ပြန်ထွက်သွားတော့မယ်၊ နောက်မှ ပြန်လာခဲ့မယ်လို့ ပြောလိုက်ချိန်မှာ ကျွန်တော်တို့ ဗိုက်ဆာနေတယ်ဗျလို့ ကလေးတယောက်က အလျင်စလို ပြောလိုက်ပါတယ်။ ရေငုပ်သမားက အေးပါ။ ငါတို့သိပါတယ်။ သဘောပေါက်ပါတယ်လို့ ပြောပါတယ်။

နေမမြင်၊ လမမြင်ရတဲ့ ကလေးတွေဟာ သူတို့အဲဒီလိုဏ်ဂူထဲမှာ ဘယ်နှရက်ကြာနေပြီ ဆိုတာတောင် မသိကြပါဘူး။ မှောင်မည်း၊ စွတ်စိုပြီး အစားအသောက် စားစရာမရှိတဲ့အချိန်မှာ ရောက်လာမလား၊ ရောက်မလာဘူးလား မသေချာတဲ့ ကယ်ဆယ်သူတွေကို စောင့်ဆိုင်းနေရတာဟာ သူတို့အတွက် တော်တော်ခက်ခဲပါလိမ့်မယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရှာဖွေရေး ၁၀ ရက် မြောက်တဲ့ နေ့ကျမှ ပြန်တွေ့

ဒီလိုအခြေအနေမျိုးကြုံတွေ့တဲ့အခါမှာ ကလေးငယ်တွေဟာ စိုးရိမ်ပူပန်မယ်၊ ကြောက်လန့်မယ်၊ စိတ်အပြင်းအထန်လှုပ်ရှားမယ်၊ စိတ်အားငယ်မယ်လို့ လန်ဒန် ကင်းကောလိပ်က စိတ်ပညာရှင် ဒေါက်တာ အန်ဒရေ ဒနိစ်က ပြောပါတယ်။ တုန်လှုပ်ပြာတောက်သွားပြီး မလုပ်သင့်တာတွေကို တဇွတ်ထိုးလုပ်လိုက်မှာကို အကြောက်ရဆုံးပါလို့ ဆိုပါတယ်။ အခုတော့ အဲသလို အဆိုးဆုံး အခြေအနေမျိုးကြုံတွေ့ရနိုင်တဲ့ အလားအလာကို ကျော်ဖြတ် ခဲ့ပါပြီ။

ရေငုပ်သမားကို ခင်ဗျား ဘယ်ကလဲလို့ ကလေးတယောက်ကမေးတာ့ ဗြိတိန်ကလို့ ပြောလိုက်တဲ့အခါ ကလေးတွေက အိုးဆိုပြီး အံသြတဲ့အသံ ညီညီညာညာ ထွက်လာပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption သတင်းစောင့်ဆိုင်းယူနေကြတဲ့ သတင်းထောက်တွေ

အပြင်ဘက်မှာ ရာနဲ့ချီတဲ့လူတွေက သူတို့ကိုကယ်တင်ဖို့ ကြိုးစားနေတာ ကလေးတွေ မသိပါဘူး။ ဒါ့ကြောင့် ဗြိတိန်က ရေငုပ်သမားရောက်လာတာကို သူတို့အံ့သြနေတာပါ။ သူတို့ အကြောင်းကို တကမ္ဘာလုံးက စောင့်ကြည့်နေတာ ကိုလည်း သူတို့ မသိပါဘူး။ သူတို့ကို တွေ့လိုက်တဲ့အချိန်မှာ တကမ္ဘာလုံးက သန်းနဲ့ချီတဲ့လူတွေ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြတာကိုလည်း သူတို့မသိခဲ့ကြပါဘူး။

ထိုင်းလေကြောင်းလေယာဉ်တစီး ဗြိတိန်နိုင်ငံကို ဆိုက်ရောက်လာတဲ့ အချိန်မှာ လေယာဉ်မှူးက ထမ့်လုံဂူထဲက ကလေးတွေကိုပြန်တွေ့ပြီ ဖြစ်ကြောင်း သတင်းကောင်း ကြေညာလိုက်တဲ့အခါ ခရီးသည်တွေအားလုံးဟာ ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီး သြဘာပေးကြပါတယ်။ ကမ္ဘာတဝန်းနိုင်ငံအများအပြားက သတင်းမီဒီယာတွေကလည်း ဒီသတင်းကို ချက်ချင်းကြေညာ ထုတ်လွှင့်ကြပါတယ်။ ပရိသတ်အများအပြားက ဝမ်းသာအားရ ဖြစ်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
The boys can be seen introducing themselves next to a diver in a wetsuit

အပြင်ကိုကယ်ထုတ်ဖို့ ခက်ခဲနေသေး

အဲသလို တကမ္ဘာလုံးက ဝမ်းသာကြပေမယ့် စိတ်ချလက်ချ ဝမ်းသာကြရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ သူတို့ကို အပြင်ပြန်ထုတ်နိုင်ဖို့ဟာ ကြီးမားတဲ့ အခက်အခဲကြီး တခုဖြစ်နေပါသေးတယ်။ ထမ့်လုံဂူရှေ့မှာ ရှိနေတဲ့ တာချီလိတ် သတင်းအေဂျင်စီရဲ့ အယ်ဒီတာချုပ် ကိုဇောင်း က

"အဓိက ရာသီဥတုအခြေအနေအပေါ်မူတည်တယ်။ နောက်တခုသူတို့ပြောတာက ကလေးတွေကို ခေါ်ထုတ်မယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ရမယ်။ ပြီးတော့ ရေပြင်တွေကို ဖြတ်ဖို့အတွက်လည်း သူတို့က အဆင်သင့်ဖြစ်ဖို့ လိုတယ်ပေါ့။ အဲဒီတော့ ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်ထွက်နိုင်မယ်ဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ ဒါပေမယ့် ကလေးတွေနဲ့ ပတ်သက်ပြီးတော့ မစိုးရိမ်ကြပါနဲ့။ ကလေးတွေကို အထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်။ အစားအစာလည်း စနစ်တကျကျွေးမွေးနေတယ်။ စောင့်ရှောက်နေတဲ့အထဲမှာ ဆရာဝန်လည်း ပါတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်" လို့ ဆိုပါတယ်။

အခုသိထားရတဲ့ ရာသီဥတု ခန့်မှန်းချက်အရ လာမယ့် တနင်္ဂနွေ တနင်္လာဆိုရင် မိုးရွာဖို့လည်း ရှိနေပါတယ်။ မိုးရွာပြီး တကယ်လို့ရေကြီးလာမယ်ဆိုရင် ကယ်ဆယ်ရေးပိုခက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီမနက် သတင်းစာရှင်းလင်းပွဲမှာတော့ ချင်းရိုင် အုပ်ချုပ်ရေးမှူး နရွတ်ဆတ် အော်ဆိုထန်နာခွန်း က "ကလေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်နိုင်မယ်ဆိုတာ ရာခိုင်နှုန်းပြည့် စိတ်ချရမှဖြစ်ပါမယ်။ မလိုအပ်ဘဲနဲ့ မစွန့်စားနိုင်ပါဘူး။ အားလုံးကို တပြိုင်တည်း ကယ်ထုတ်နိုင်တာလည်း ဖြစ်ချင်မှဖြစ်မှာပါ။ သူတို့ကျန်းမာရေးက တယောက်နဲ့ တယောက် မတူပါဘူး။ သူတို့အနေအထားကို အကဲခတ်ဆုံးဖြတ်ဖို့ ကြိုးစားနေပါတယ်။ တကယ်လို့ စွန့်စားရမယ်ဆိုရင် ကယ်ထုတ်ဦးမှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
thai boys

ကလေးတွေကို စောင့်ရှောက်နေ

ကလေးတွေက အစာမစားရတာ ဆယ်ရက်ကြာပါပြီ။ အေးပြီးစွတ်စိုတဲ့နေရာမှာ နေခဲ့ကြရတာလည်း ဆယ်ရက်ပါပဲ။ အခုအစာပြန်ကျွေးပြီး အားပြည့်လာအောင် လုပ်ပေးနေပေမယ့် ဆယ်ရက်လောက် ငတ်ထားတဲ့သူကို အစာအမာ ပြန်ကျွေးလို့ မရဘဲ ဂျယ်လီလိုပျော့ပျောင်းတဲ့အစာကို ကျင့်ကျွေးနေရပါတယ်။ အားပြည့်မယ့်အစာတွေ၊ သကြားဓာတ်တွေ ပြန်ဖြည့်တင်းပေးနေရပါတယ်။

ဆယ်ရက်ကြာအောင် သူတို့ အသက်ရှင်နေထိုင်နိုင်ခဲ့တာက အရေးကြီးဆုံးလိုအပ်ချက် ၃ မျိုးဖြစ်တဲ့ အောက်ဆီဂျင်၊ သင့်တင့်တဲ့အပူချိန်နဲ့ သောက်ရေသန့်တို့ရခဲ့လို့ ဖြစ်ပါတယ်။ သောက်ရေသန့်အဖြစ်သူတို့ဟာ မိုးရေကို သောက်သုံးခဲ့ပါတယ်။

အခုအခါမှာ ဆရာဝန်တယောက်အပါအဝင် လူ ၇ ယောက်က သူတို့ကိုစောင့်ရှောက် စောင့်ကြည့်နေပါတယ်။ ရေနဲ့အအေးဓာတ်ကို ကာကွယ်နိုင်တဲ့ အလူမီနီယံစောင်တွေ သူတို့ကိုပေးထားပါတယ်။

ခြေဖဝါးမှာ အရေပြားဒဏ်ရာရှိတဲ့ ကလေးငယ်တယောက်ကို ဆရာဝန်က အိုင်အိုဒင်းလို ဆေးရည်တမျိုးလိမ်းကျံပြုစုပေးနေတာကိုလည်း ဗီဒီယိုထဲမှာ မြင်ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရေတွေဆက်စုပ်ထုတ်နေရ

ကယ်ထုတ်ရေးအတွက် ဆက်လက်ကြိုးစားနေ

ကလေးတွေဆီ ရောက်အောင် ကျွမ်းကျင် ရေငုပ်သမားတယောက် ရေကူးသွားရတာ ၃ နာရီကြာပါတယ်။ ခရီးက ၂ မိုင်ခွဲလောက်ရှိပါတယ်။ လမ်းကလည်း မြွေလိမ်မြွေကောက် နိမ့်ချည်မြင့်ချည်ပါ။ တချို့မြင့်တဲ့နေရာမှာ ရေမရှိတဲ့ ကုန်းမြင့်ပမာ ဖြစ်ပေမယ့် တချို့နေရာမှာ ရေဟာ ပေ ၅ဝ နီးပါးအထိနက်ပါတယ်။ ရေစီးကလည်း သန်ပါတယ်။ လှိုင်းတွေလည်းရှိနေပါတယ်။

အင်္ဂါညနေက ရေလီတာ သန်း ၁၂ဝ စုပ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ရေအမြောက်အမြား ရှိနေဆဲဖြစ်ပါတယ်။

သူတို့ဟာ မြင့်တဲ့နေရာမှာရှိပါတယ်။ အသက်အန္တရာယ် မဖြစ်ဖို့ စိတ်ချရပါတယ်။ ဒါပေမယ့် မိုးထပ်ရွာ ရေထပ်ကြီးရင် ဂူပေါက်နဲ့ လုံးဝဆက်သွယ်လို့မရဘဲ အဆက်အသွယ် ပြတ်တောက်သွားနိုင်ပါတယ်။

ဓာတ်ပုံ မူပိုင် Linh Pham
Image caption မိုးတွေကြီးလာရင် ကယ်ဆယ်ရေး ခက်လာနိုင်

ဒါ့အပြင် မထင်မှတ်တဲ့ အခက်အခဲတချို့ရှိပါတယ်။ ဥပမာ ရေငုပ်ဝတ်စုံမျက်နှာဖုံးဟာ များသောအားဖြင့် လူကြီးခေါင်းနဲ့တွက်ပြီး ထုတ်လုပ်ထားကြတာဆိုတော့ ကလေးမျက်နှာ ကလေးခေါင်းနဲ့ဆို အံဝင်ခွင်ကျ မဖြစ်ပါဘူး။

အခုကလေးတွေကို ရေငုပ်သင်ပေးနေပါတယ်။ ရေငုပ်သမား ၃ဝ ကျော်၊ ရေတပ်ကလူ၊ လိုဏ်ဂူကျွမ်းကျင်သူတွေကလည်း ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဆေးအဖွဲ့သူနာပြုအဖွဲ့ကလည်း ကလေးတွေ အပြင် ရောက်လာရင် မြန်မြန်ဆန်ဆန် ပြုစုကုသဖို့ ဆေးရုံပို့နိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။

ဒါပေမယ့်လည်း ဘယ်အချိန်ဘယ်အခါ ဘယ်ရက်မှာ သူတို့ကို ကယ်ထုတ်လာမယ်ဆိုတာကိုတော့ အာဏာပိုင်တွေကလည်း တရားဝင် မကြေညာနိုင်သေးပါဘူး။

ဆက်စပ် အကြောင်းအရာများ