ထိုင်းလူငယ်တွေအတွက် ချီလီမိုင်းလုပ်သားကြီးရဲ့ စကားလက်ဆောင်

Image caption ကယ်ထုတ် မသွားနိုင်မချင်း ကလေးတွေဘေးမှာ အနည်းဆုံး နှစ်ယောက် အတူ ရှိပေးနေမယ်

အခု အချိန်မှာ ရုပ်ရော စိတ်ပါ ကျန်းမာ ကြံ့ခိုင်ဖို့က အရေးကြီးဆုံးပဲ ဆိုပြီး ထမ်လွန် လိုဏ်ဂူကြီးထဲက ထိုင်းလူငယ်လေးတွေကို ချီလီ မိုင်းတွင်း လုပ်သားဟောင်းကြီး ဖြစ်တဲ့ လူဝီစ် အော့ဆူဝါက ဘီဘီစီကနေ တဆင့် စကားလက်ဆောင် ပါးပါတယ်။

သူအပါအဝင် မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ ၂ဝ၁ဝ ချီလီ မိုင်းတွင်း ပြိုကျခဲ့တုန်းက မြေအောက် မိုင်ဝက်လောက် အနက်မှာ ၆၉ ရက်လုံးလုံး ပိတ်မိ ခဲ့ဖူးပါတယ်။

ကလေးတွေ အတွက် သူ ဘယ်လောက် စာနာမိသလဲ ဆိုတာ ပြောမပြတတ်အောင်ပဲ ဆိုပြီး ကိုယ်တိုင် မြေအောက်ထဲ ၂ လ ကျော် ပိတ်မိခဲ့ဖူးတဲ့ ချီလီ မိုင်းလုပ်သား ခေါင်းဆောင် လူဝီစ် အော့ဆူဝါက ပြောပါတယ်။

ဘဝတူ မိုင်းတွင်းလုပ်သားတွေကို မျှော်လင့်ချက် မစွန့်ပဲ ကြံ့ကြံ့ခိုင်ဖို့ အားပေးရင်း မြေအောက်ရက်တွေကို ဖြတ်သန်း ခဲ့သူ မစ္စတာ အော့ဆူဝါက ခုလို အခြေအနေမျိုးမှာ မသေအောင် အသက်ကိုမွေးနိုင်ဖို့ အရေးကြီးဆုံး အချက် ၃ ချက်ကိုလည်း မျှဝေပါတယ်။

ပထမဆုံးကတော့ ကျန်းမာဖို့ပဲတဲ့။ ရုပ်ရော စိတ်ပါ ကျန်းမာဖို့လိုတယ်။ အခုအချိန်မှာ စိတ်ပညာ ကျွမ်းကျင်သူတွေပါ ဝိုင်းကူကြပါလို့ မစ္စတာ အော့ဆူဝါက ဆော်ဩပါတယ်။

Image caption မျှော်လင့်ချက် မစွန့်ပဲ ကြံ့ကြံ့ခိုင်ဖို့ အားပေး

ဒါမှလည်း ဒုတိယ အရေးကြီးဆုံး အချက်ဖြစ်တဲ့ မျှော်လင့်ချက်ကို မစွန့်တဲ့ စိတ်မျိုး တည်ဆောက် ထားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေဟာ ပြင်ပက မိသားစုတွေရဲ့ အသံကိုလည်း ကြားရ၊ မျက်စိရှေ့မှောက်မှာ ကယ်ဆယ်ရေး သမားတွေကိုလည်း တွေ့နေရတာတွေဟာ ကောင်းတဲ့ အချက်တွေပဲလို့ မစ္စတာ အော့ဆူဝါက သုံးသပ်ပါတယ်။

အသင်းအပင်း စိတ်ဓာတ်ကို မစွန့်ဖို့ကလည်း နောက်အရေးကြီးတဲ့ အချက်ပဲလို့ မစ္စတာ အော့ဆူဝါက ပြောရင်းမှာပဲ ကလေးတွေနဲ့ အတူပါသွားတဲ့ နည်းပြ ဆရာလေးကိုလည်း ချီးကျူးပါတယ်။

အပြင်က အကူအညီတွေ ရောက်မလာသေးခင် ကလေးတွေ တစုတစည်းတည်း မသေမပျောက် ရှိနေတာဟာ နည်းပြဆရာလေးရဲ့ ဦးဆောင်မှုအောက်က အသင်းအပင်း စိတ်ဓာတ်ကြောင့်ပဲလို့ မစ္စတာ အော့ဆူဝါက ပြောပါတယ်။

လူငယ်လေး ၁၂ ယောက်လုံးနဲ့ သူတို့ရဲ့ ဘောလုံး နည်းပြ ဆရာတို့ ကျန်းမာရေး ကောင်းကောင်း မွန်မွန် ရှိနေကြတယ်လို့ ထိုင်း အာဏာပိုင်တွေ နောက်ဆုံး ထုတ်ပြန် ပေးလိုက်တဲ့ ဗီဒီယိုထဲမှာ သူတို့လေးတွေက ပြောနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေရဲ့ ဒုတိယ ဗီဒီယို ထွက်လာ

ထိုင်း ရေတပ် အထူးတပ်ဖွဲ့ နေဗီ ဆီးလ်စ်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တင်ထားတဲ့ အဲဒီ ဗီဒီယိုထဲ ထိုင်းလူငယ်လေးတွေဟာ ရယ်ရယ်မောမော ပြုံးပြုံး ရွှင်ရွှင်နဲ့ပဲ တစ်ယောက်ချင်း သူတို့ ဘယ်သူဘယ်ဝါတွေပါ လို့ မိတ်ဆက် နေကြပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အခြေအနေတွေမှာ ခြုံပေးလေ့ ရှိတဲ့ သတ္တုရောင် ပြောပြောင် ခြုံလွှာတွေ ကိုယ်စီနဲ့ တွေ့မြင်ရတဲ့ ကလေးတွေဟာ ထိုင်း ရိုးရာ လက်အုပ်လေးတွေ ချီချီပြီး သူတို့ ဘယ်သူပါလို့ ပြောနေ ခဲ့ကြပါတယ်။

ဂူပြင်အရောက် ကယ်ထုတ် မသွားနိုင်မချင်း ကလေးတွေဘေးမှာ အတူ ရှိပေးနေမယ့် ထိုင်း ရေငုပ် ကယ်ဆယ်ရေး သမားတွေနဲ့လည်း နောက်နောက်ပြောင်ပြောင် စကားတွေ ပြောနပြီး ရီမော နေကြပါတယ်။

အဲဒီ ဗီဒီယိုကို အပြင်က မိသားစုတွေကို ပြသပေးတော့ မိဘ ဆွေမျိုးတွေလည်း ဝမ်းသာ နေကြပါတယ်။

Image caption မိသားစုတွေလည်း ဝမ်းသာနေ

မိခင်တစ်ဦးက သူ့သားလေး မသေမပျောက် ရှိတာကို မျက်စိနဲ့ မြင်ခွင့်ရတော့ ဝမ်းသာလိုက်တာ၊ ကူညီနေတဲ့သူ အားလုံးကိုလည်း ကျေးဇူးပါပဲလို့ ဆိုပါတယ်။

မိုးရာသီကလည်း ခုမှ စတာဆိုတော့ ထမ်းလွန်ဂူထဲ ရေဆက်ပြီး မြင့်လာဖို့ သေချာသလောက် ဖြစ်နေတော့ ကလေးတွေကို ဘယ်လို အပြင်ကို ထုတ်သွားရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ဆက်ပြီး ကြံဆ နေရပါတယ်။

ကလေးတွေကို ရေကူးနဲ့ ရေငုပ် သင်ပေးနေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပေမယ့် ဒီလို နည်းနဲ့ သေချာပေါက် ခေါ်ထုတ် သွားမယ်လို့တော့ ယတိပြတ် ဆုံးဖြတ် ထားတာမျိုး မဟုတ်ပါဘူး။

ကလေးတွေကို ရေငုပ်ခိုင်းပြီး ခေါ်ထုတ်ဖို့ ဆိုတာ သိပ်အန္တရာယ် များလွန်းတယ်လို့ ကျွမ်းကျင်သူ တွေက သတိပေးနေကြသလို ထိုင်း ရေတပ်က ရေငုပ်သမားတွေ ကိုယ်တိုင်လည်း ဒီ အချက်ကို မျက်မှောက် ပြုမိထားပါတယ်။

Image caption ကယ်ဆယ်ရေးနည်းလမ်း ဆက်ရှာနေ
Image caption လမ်းကြောင်းကျဉ်းတွေထဲက ဘယ်လို ခေါ်လာမလဲ
Image caption ဂူဝမှာလည်း အသင့်စောင့်နေ

ရေအောက်မြုပ်နေတဲ့ ဂူလမ်းကြောင်း ကျဉ်းကျဉ်းကျပ်ကျပ် တွေထဲက ခေါ်ထုတ်ဖို့ ဆိုတာ စွန့်စားလွန်းရာ ကျလိမ့်မယ် ဆိုပြီး ဘီဘီစီကို ပြောတဲ့ ရေငုပ်သမား အဖွဲ့ဝင် တချို့ ရှိပါတယ်။

တစ်ဘက်မှာလည်း ဂူထဲ ရေတွေ ခုထက် ပိုပြီး မြင့်မလာခင် ကယ်ထုတ်နိုင်ဖို့လည်း လိုအပ်နေပါတယ်။

သူတို့တွေ ဂူထဲ စဝင်သွားတာ ဇွန်လ ၂၃ ရက် နေ့ဆိုတော့ ဒီနေ့ (ဇူလိုင် ၅ ရက်၊ ကြာသပတေးနေ့) နဲ့ပါ ဆိုရင် ဂူထဲ ပိတ်မိ နေတာ ၁၃ ရက် ရှိနေပြီ ဖြစ်ပါတယ်။

ထမ်လွန် လိုဏ်ဂူရဲ့ အပြင်မှာတော့ ကလေးတွေ ကယ်ထုတ်လာနိုင်ရင် အသင့် ရှိနေအောင် အရေးပေါ် အဖွဲ့တွေ ကြိုတင် လေ့ကျင့်နေကြသလို၊ ဂူထဲ ဝင်နိုင်ထွက်နိုင်တဲ့ တခြား နေရာများ ရှိနေဦးမလားဆိုပြီး တောင်နံရံ တကြော လိုက်လံ ရှာဖွေ နေသူတွေနဲ့ တက်ညီလက်ရှိ ရှိနေကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေ ဂူထဲက ပြန်ထုတ်နိုင်ရေး

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ