ဒေလီ ဆွဲကြိုးချမှု ဘာသာရေးကြောင့်ဖြစ်နိုင်

ဓာတ်ပုံ မူပိုင် RAJAT GUPTA
Image caption အထူးတဆန်း သေဆုံးမှုကြောင့် တုန်လှုပ်သွား

အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တော်မှာ စနေနေ့က ဖြစ်ခဲ့တဲ့ မိသားစု တစု တည်းက လူ ၁၁ ယောက် သေဆုံး ခဲ့ရမှုဟာ ဘာသာရေး အယူသီးမှုကြောင့် မှားယွင်းသတ်သေတာ ဖြစ်နိုင်ကြောင်း ရဲဘက်ဆိုင်ရာက ပြောပါတယ်။

လုံခြုံရေး ကင်မရာက ရယူထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ မိသားစုဝင်တွေ ခွေးခြေတွေနဲ့ ဝိုင်ယာကြိုးတွေ ဝယ်နေတာကို တွေ့ရပါတယ်။

ဒါတွေကို သူတို့ အစုအပြုံလိုက် ဆွဲကြိုးချရာမှာ သုံးခဲ့တာ ဖြစ်ပါတယ်။

သူတို့ အိမ်မှာ ကျန်ခဲ့တဲ့ မှတ်စု မှတ်တမ်းတွေအရ သူတို့ နောက်ဆုံး စားခဲ့တဲ့ အစားအသောက်ကိုပါ သိရပြီး သတ်သေပြီးနောက် သူတို့ကို တန်ခိုးနဲ့ လာကယ်ဆယ်မယ်၊ ပြန်လည် ရှင်သန်မယ်လို့ ယုံမှတ်ခဲ့ကြတယ် ဆိုတာ တွေ့ရပါတယ်။

သတ်သေသူတွေဟာ အဘိုးအဘွားကနေ မြေးအထိ ပါဝင်ပြီး ဆယ်ကျော်သက် အရွယ် ယောက်ျားလေး နှစ်ယောက်လည်း ပါပါတယ်။

ဓာတ်ပုံ မူပိုင် SAJJAD HUSSAIN
Image caption စိတ်ဝင်တစား စုပြုံကြည့်နေကြ

ဒီလို ဗီဒီယို ထွက်လာပေမယ့် လူသတ်မှု ဖြစ်နိုင်တယ် ဆိုတဲ့ စဉ်းစားချက်ကို ဖယ်မထားဘူးလို့ ရဲက ဘီဘီစီကို ပြောပါတယ်။

ဒီအမှုမှာ မရှင်းလင်းတဲ့ အချက်တွေ ရှိနေပြီး တနိုင်ငံလုံး ထိတ်လန့်တကြား ဖြစ်သွားတဲ့ ကိစ္စကြီးလည်း ဖြစ်ပါတယ်။

သေဆုံးသူ အားလုံးရဲ့ မျက်စိတွေကို အဝတ်စည်းထားပြီး ပါးစပ်တွေကို ဆို့ထားသလို လက်တွေကို နောက်မှာ ကြိုးတုပ်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် သူတို့ကိုယ်သူတို့ သတ်မသေခင် ဒါတွေ ဘယ်လို လုပ်သလဲ စဉ်းစားမရ ဖြစ်နေကြပါတယ်။

သေဆုံးသူတွေထဲမှာ ၇၅ နှစ်အရွယ် အမျိုးသမီးကြီးနဲ့ သမီး၊ သား နှစ်ယောက် နဲ့ ဇနီးတွေအပြင် မြေး ငါးယောက်လည်း ပါပါတယ်။

သားအငယ်ရဲ့ မှတ်တမ်းထဲမှာတော့ သူဟာ ၂ဝဝ၈ ခုနှစ်က ဆုံးသွားတဲ့ သူ့ဖခင်ရဲ့ ဝိညာဉ် ပူးကပ်တာ ခံနေရတယ်လို့ ယုံနေသူ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ကို သဘာဝလွန် အင်အားတွေက ဝင်ပြီးကယ်မယ်လို့ ယူဆပြီး သတ်သေဖို့ ကြိုးစားတာ ဖြစ်နိုင်ကြောင်း အမှုလိုက် အရာရှိက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် STR
Image caption အပူမီးတွေနဲ့ ဆွေမျိုးများ

သေဆုံးသူ မိသားစုဟာ ဒေလီမြောက်ပိုင်းက သုံးထပ်တိုက်တလုံးမှာ နေတဲ့ အလယ်လတ်တန်းစား မိသားစု ဖြစ်ပါတယ်။

ဒီမိသားစုဟာ ဘာသာရေး ကိုင်းရှိုင်းပြီး ပျော်ပျော်နေတတ်သလို ငွေရေးကြေးရေးလည်း အဆင်ပြေကြတယ်လို့ သူတို့ အိမ်နီးချင်းတွေက ဆိုပါတယ်။

ရပ်ရွာ ကိစ္စမှာလည်း တက်ကြွပါဝင်သူတွေ ဖြစ်ကြပါတယ်။

မြေးအကြီး မိန်းကလေးက ၃၃ နှစ် ရှိပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကမှ စေ့စပ်ထားတာပါ။

အဲဒီအတွက် စေ့စပ်ပွဲကြီး လုပ်ပြီး မိတ်တွေတွေကို ဖိတ်ကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် SAJJAD HUSSAIN
Image caption အလောင်းတွေ သယ်ထုတ်လာ

ဆက်စပ် အကြောင်းအရာများ