ဗြိတိန်မှာ ဒုတိယအကြိမ် သင့်ခဲ့တဲ့ ဓာတုအဆိပ်ဟာ ပထမအကြိမ်နဲ့ အမျိုးအစားတူနေ

ဓာတ်ပုံ မူပိုင် FACEBOOK
Image caption စနေနေ့က မေ့လဲကျပြီး ခုချိန်အထိ အသက်လု ဆေးကုခံနေရ

ဗြိတိန်နိုင်ငံမှာ လောလောဆယ် အသက်လု ဆေးကု ခံနေရတဲ့ ဗြိတိသျှစုံတွဲ နှစ်ဦး သင့်ခဲ့တဲ့ အဆိပ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ရုရှား သူလျှိုဟောင်း ဆာဂေးနဲ့ သူ့သမီး ယူလီယာ စကရီပါ သင့်ခဲ့တဲ့ ဓာတု အဆိပ်နဲ့ အတူတူပဲလို့ ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဆာဂျစ် ဂျာဗစ်က ပါလီမန်မှာ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အခု အဲဒီစုံတွဲ အဆိပ်သင့်ခဲ့တဲ့ နေရာဟာ အင်္ဂလန်နိုင်ငံ အနောက်တောင်ဘက် ဝီလ်ရှားခရိုင်မှာ ဖြစ်ပြီး သူတို့ အိမ်မှာ ပြီးခဲ့တဲ့ စနေနေ့တုန်းက မေ့လဲသွားခဲ့တာပါ။

ပထမတော့ သူတို့ နှစ်ဦးဟာ ဘိန်းဖြူ ဒါမှမဟုတ် ကိုကင်း သုံးစွဲရာကနေ အဲဒီ မူးယစ်ဆေးတွေကို အဆိပ်သင့် အိတ်ထဲ ထည့်ရာကနေ ဖြစ်ခဲ့တာလို့ ရဲက ထင်ခဲ့တာပါ။

နောက်ပိုင်း ဓာတ်ခွဲကြည့်ရာမှာ နိုဗစ်ချော့ အဆိပ်အမျိုးအစား ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သူတို့ စုံတွဲ နေခဲ့တဲ့ တိုက်ခန်းတွဲနဲ့ သူတို့ သွားခဲ့တဲ့ နေရာတွေကို လူတွေ မလာအောင် ရဲက တားမြစ်ထား

သူတို့ဟာ အခုလို အဆိပ်နဲ့ တိုက်ခိုက်ခံရအောင် သူတို့ရဲ့ နောက်ကြောင်း ရာဇဝင်မှာ ဘယ်လို ကိစ္စမျိုးနဲ့မှ ပတ်သက်ခဲ့တာမျိုး မရှိဘူးလို့ ဗြိတိသျှ ရဲက ပြောပါတယ်။

အဲဒီ နိုဗစ်ချော့ အဆိပ်ဟာ ဆိုဗီယက် ပြည်ထောင်စု ခေတ်တုန်းက ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း ထုတ်လုပ်ခဲ့တဲ့ အဆိပ်တမျိုး ဖြစ်ပါတယ်။

ဒီအဆိပ်သင့်ပြီ ဆိုရင် မိနစ်ပိုင်းအတွင်း အာရုံကြောတွေ ကြွက်သားတွေ ကို အလုပ်မလုပ်တော့အောင် ထိခိုက်စေပြီး လူသေစေနိုင်တဲ့ အဆိပ်မျိုး ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေမှာ အများပြည်သူအတွက် အန္တရာယ် ရှိနိုင်တဲ့ အနေအထားမျိုး သိပ်မရှိဘူးလို့ အင်္ဂလန်ဆေးပညာအရာရှိ ဆယ်လီ ဒေးဗီးစ်က ပြောပါတယ်။

အဲဒီစုံတွဲ သွားခဲ့တယ် ဆိုတဲ့ နေရာ ၆နေရာစလုံးကို လူတွေ မသွားနိုင်အောင် အခုအခါ တားဆီး ထားလိုက်ပြီလို့ ဆိုပါတယ်။

သူတို့ နေထိုင်နေတဲ့ တိုက်ခန်းတွဲမှာ နေထိုင်နေကြသူတွေကိုလည်း တခြား အန္တရာယ် ကင်းရာကို ပြောင်းရွှေ့ပေးထားပါတယ်။

ဗြိတိန်နိုင်ငံမှာ အခုလို ဓာတု အဆိပ်သင့်မှု ထပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ရုရှား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အခုဒီဖြစ်ရပ်မှာရော အရင် ဖြစ်ရပ်မှာပါ ရုရှား ပါဝင် ပတ်သက်မှု မရှိဘူးလို့ လည်း သူက ငြင်းဆိုသွားပါတယ်။

အရင် ရုရှား သူလျှိုဟောင်း အဆိပ်သင့် ခံရတုန်းက ရုရှားရဲ့ လက်ချက်လို့ ဗြိတိန်က စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ