အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကြီး စလိုက်ပြီလို့ တရုတ်ပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဒေါ်လာ ဘီလီယံ ၅၀ဝ ဖိုး တရုတ်ပစ္စည်းတွေကို ပြစ်မှတ်ထား အခွန်ကောက်မယ်လို့ ပြန်လည် ခြိမ်းခြောက်

ကမ္ဘာ့ သမိုင်းမှာ အကြီးမားဆုံး ကုန်သွယ်ရေးစစ်ပွဲကြီးကို အမေရိကန်က စတင်လိုက်ပြီလို့ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။

ဒေါ်လာ ၃၄ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ် ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အခွန် စည်းကြပ်မှုကို ဇူလိုင်လ ၆ ရက်နေ့မှာ စလုပ်လိုက်ပြီး တရုတ်ဘက်ကလည်း တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီ တန်ဖိုးရှိတဲ့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် တန်ပြန် အခွန် ကောက်ခံလိုက်ပါတယ်။

ဒါကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တရုတ်ရဲ့ ၂၀၁၇ ခုနှစ် စုစုပေါင်း သွင်းကုန် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ဝ တန်ဖိုး ရှိတဲ့ တရုတ်ပစ္စည်းတွေကို ပစ်မှတ်ထား အခွန်ကောက်မယ်လို့ ပြန်လည် ခြိမ်းခြောက် ခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြားမှာ ကုန်သွယ်ရေး အငြင်းပွားမှုတွေ ကနေ ပို့ကုန်တွေ အပေါ် အခွန်တွေ တိုးကောက်မယ်လို့ အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြ ရာက အခု တကယ် လုပ်ဆောင်လာကြတဲ့ အခြေအနေကို ရောက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ည အမေရိကန်စံတော်ချိန် သန်းခေါင်ယံက စလို့ အမေရိကန်တို့ရဲ့ တရုတ်သွင်းကုန်အပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု စတင် သက်ဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဉာဏ ပစ္စည်းခိုးယူမှုတွေကို တိုက်ဖျက်ဖို့ အတွက် လုပ်ဆောင်တာလို့ အမေရိကန်ဘက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နိုင်ငံဘက်ကလည်း အမေရိကန် ထုတ်ကုန်ပစ္စည်း ၅၄၅ မျိုး အပေါ် ၂၅ ရာခိုင်နှုန်း အလားတူ အခွန် စည်းကြပ်

တရုတ်ဘက်ကတော့ တဘက်သတ် ဖိအားပေးလုပ်ဆောင်တာတွေဟာ လုံးဝအဓိပ္ပါယ် မရှိဘူး၊ မမှန်မကန်ဆောင်ရွက်တာတွေကို ဘယ်သူမှ လက်မခံသင့်ဘူး၊ သူတို့ရဲ့ တရားဝင်ဖြစ်တဲ့ အကျိုးစီးပွားကို ထိပါးမယ်ဆိုရင် ဘာမှမေးမနေဘဲ တန်ပြန် လုပ်ဆောင်မှာပဲလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ Lu Kang က ပြောပါတယ်။

သမ္မတ George W Bush လက်ထက်က အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဒုတိယ ကိုယ်စားလှယ် John Veroneau ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အတွင်း တရုတ်နိုင်ငံက ကုန်သွယ်ရေးမှာ အထူးသဖြင့် ပို့ကုန် များများ တင်ပို့ပြီး သွင်းကုန် နည်းနည်းပဲ သွင်းဖို့ လုပ်လာခဲ့တယ်၊ ဒါဟာ အမေရိကန်ဘက်က တရုတ်နဲ့ ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်လာပြီလို့ ခံစားလာရတဲ့ အချက်ပဲလို့ ပြောခဲ့ပါတယ်။

ဒါကြောင့် အမေရိကန် အနေနဲ့ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင် ဖို့ လိုကို လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမေရိကန် စီးပွားရေး နယ်ပယ်မှာလည်း ဒီကုန်သွယ်ရေး စစ်ပွဲ ဘယ်လောက်အထိ ဆက်ဖြစ်မလဲ ဆိုတာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြမယ် ထင်မြင်ကြောင်း သူက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ တရုတ်က ဝင်တဲ့ ကုန်ပစ္စည်းတွေကြောင့် အမေရိကန်အလုပ်အကိုင် မထိခိုက်အောင်နဲ့ အမေရိကန် နည်းပညာတွေ တရုတ်ကို တဖက်စောင်းနင်း ရောက်ရှိ မသွားအောင်ဆိုတဲ့ နောက်ခံ ရည်ရွယ်ချက်တွေနဲ့ အခုလို တရုတ်ကို သွင်းကုန်ခွန်တွေ တိုးမြှင့်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်က ဝင်တဲ့ ကုန်ပစ္စည်းတွေကြောင့် အမေရိကန်အလုပ်အကိုင် မထိခိုက်အောင် သွင်းကုန်ခွန်တွေ တိုးမြှင့်တာ ဖြစ်တယ်လို့ ဆို

သူဟာ အမေရိကန်ကို တင်သွင်းတဲ့ အဝတ်လျှော်စက်၊ နေစွမ်းအင်ပြားတွေကို အခွန် ကောက်ခံခဲ့ပြီးဖြစ်သလို ဥရောပသမဂ္ဂ၊ မက္ကဆီကိုနဲ့ ကနေဒါတို့က တင်သွင်းတဲ့ သံမဏိ၊ အလျူမီနီယံတို့ကိုလည်း အခွန် စကောက်နေပါပြီ။

တရုတ်ဘက်က ကုန်သွယ်ရေး အမူအကျင့်တွေ ပြောင်းလဲဖို့ ဆက်ငြင်းနေမယ်ဆိုရင် နောက်ထပ် ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ် ကုန်ပစ္စည်းတွေကို အခွန် ၁၀ ရာခိုင်နှုန်း ထပ်ကောက်မယ်လို့လည်း ခြိမ်းခြောက်ထားခဲ့ပါတယ်။

အမေရိကန်ဘက်က အခုလကုန်ပိုင်းမှာကိုပဲ သမ္မတ ထရမ့် အကြံပြုထားသလို နောက်ထပ် ၁၆ ဘီလျံတန်ဖိုးရှိ ကုန်ပစ္စည်းတွေအပေါ် ထပ်မံ အခွန်ကောက်ရေး ဆွေးနွေးမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကန် နဲ့ တရုတ် နွေးထွေးလာပြီလား

ဆက်စပ် အကြောင်းအရာများ