ဂျပန်မှာ ရေကြီးမြေပြို မှု လူ ဒါဇင်နဲ့ချီ သေဆုံး

ဓာတ်ပုံ မူပိုင် PA
Image caption ဟီရိုရှီးမား ရေလွှမ်းမိုးမှု

ရေကြီးမြေပြိုမှုတွေ ကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်းမှာ အနည်းဆုံး လူ ၃၈ ဦးလောက် သေဆုံးခဲ့သလို လူတွေ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

ကြာသပတေးနေ့ကတည်းက စတင်ခဲ့တဲ့ မိုးသည်းထန်မှုတွေကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပြီး ဟီရိုရှီးမား စီရင်စုကတော့ ထိခိုက်မှုအများဆုံး ဒေသဖြစ်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့ရတာပါ။

လူဦးရေ ၁ သန်းကျော်ကို နေအိမ်တွေကနေ စွန့်ခွာဖို့ အာဏာပိုင်တွေဘက်က သတိပေးထားပါတယ်။

ထောင်နဲ့ချီတဲ့ ရဲ တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးသတ်သမားတွေ စစ်သားတွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြပါတယ်။

မြေပြိုမှုတွေအတွင်း လူတချို့ဟာ မြေပိသေဆုံးခဲ့ရတယ်လို့ ဂျပန်အခြေစိုက် ကျိုဒို သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ကယ်ဆယ်ရေးသမားက ကယ်ဆယ်လာတဲ့ အဘွားအိုတဦး

တိုကျိုအနောက်ပိုင်းကမြို့တော်ဖြစ်တဲ့ မိုတိုယာမာမှာဆိုရင် သောကြာနဲ့ စနေနေ့ မနက်ပိုင်းတွေက မိုးရေချိန် ၂၃ လက်မ အထိ ရွာသွန်းခဲ့တယ်လို့ ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ဟီရိုရှီးမားနဲ့ ကီလိုမီတာ ၃၀၀ ကျော်ကွာဝေးတဲ့ ကျိုတိုမှာလည်း ရုတ်တရက်မိုးတွေ သည်းထန်စွာ ရွာခဲ့တဲ့ကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မြစ်ကမ်းနားမှာ နေထိုင်သူတွေအဖို့ကတော့ အခုလို တိုင်ဖွန်းရာသီ အမှန်တကယ်စတင်ချိန်ဟာ တကယ်ပဲ ကြောက်လန့်ဖို့ ကောင်းလှတဲ့ အချိန်ပါပဲ လို့ မာနာဘျူတာကေရှိတာ ဆိုတဲ့ ဒေသခံတဦးက ဂျပန်တိုင်းမ် ကို ပြောပါတယ်။