နောက်လာမယ့် ၄ ရက် အတွင်း ထိုင်းလူငယ်တွေကို ကယ်ဆယ်နိုင်ရေး

ထိုင်းဂူ

ဓာတ်ပုံ ရင်းမြစ်, EPA/Thai Navy

ဓာတ်ပုံ ပုံစာ,

ကယ်ဆယ်ရေး ကို အစဉ်တစိုက် လုပ်ဆောင်နေကြ

မိုးလာမှာမို့ ထိုင်းနိုင်ငံ ဂူ အတွင်း က လူငယ်လေးတွေကို ၄ ရက်အတွင်း ကယ်ဆယ်နိုင်ရေး အတွက် ပြင်ဆင် နေကြပါတယ်။

မိုးကြီး လာရင် ဂူထဲကို နောက်ထပ် ရေတွေ ဝင်လာပြီး ဂူထဲက လမ်းကျဉ်းလေးတွေမှာ ရေတွေ ပြည့်လာကာ လမ်းတွေ ထပ်ပိတ် လာမှာကို စိုးရိမ်နေကြတာပါ။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် လည်းဖြစ် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ မစ္စတာ နရွန်တက် အောဆော့တနာခွန်း က ထမ်လွန် နမ့်နွန် ဂူထဲက ရေအခြေအနေ၊ ရာသီဥတု နဲ့ ကလေးတွေ ရဲ့ ကျန်းမာရေး စတဲ့ အခြေအနေတွေက အခု လောလောဆယ် အထိတော့ သိပ်ကောင်းပါတယ် လို့ ဆိုပါတယ်။

ဘာလုပ်မယ်ဆိုတာကို သူတို့ သေသေချာချာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ရတော့မယ်လို့လည်း သူ ကပြောပါတယ်။

လူငယ်ကလေးတွေ ဟာ ဇွန်လ ၂၃ ရက်နေ့ကတည်းက ပိတ်မိနေတာဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ ည မှာ သူတို့ ဘယ်မှာရှိတယ် ဆိုတာကို ပြန်ရှာတွေ့နိုင်ခဲ့တာပါ။

အဲဒီအချိန်ကတည်း က သူတို့အတွက် အစား အစာတွေ၊ အောက်စီဂျင် ဘူးတွေ ကျန်းမာရေး အစောင့်အရှောက်တွေ ပေးထားနိုင်ခဲ့ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သောကြာနေ့တုံးက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးနေတဲ့ ထိုင်းရေတပ်အဖွဲ့ဝင်ဟောင်း တယောက် ဆုံးပါးခဲ့ရတာ ကို ကြည့်ရင် ဂူတွင်း ကယ်ဆယ်ရေး လုပ်ငန်းတွေက ဘယ်လောက် အထိ အန္တရာယ်များတယ် ဆိုတာ က သိသာနေပါတယ်။

ဒါပေမယ့် ဂူတွင်းမှာ လူတွေများ ပြီး အောက်စီဂျင် ရရှိနိုင်မှု နည်းလာမှာ ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ အောက်စီဂျင်လိုင်းတခု တည်ဆောက်ထားတဲ့အကြောင်း တာဝန်ရှိသူတွေ က ပြောပြပါတယ်။

ဂူထဲက ရေတွေ ကို ဆက်ပြီး စုပ်ထုတ်နေတဲ့အပြင် ရေတွေ ပိုစီးထွက်အောင် ကျောက်တွေ ကို ဖောက်ပြီး ရေထွက်လမ်းတွေလည်း လုပ်နေပါတယ်။

လာမယ့် အရေးကြီးရက်ပိုင်းတွေမှာ ဘယ်လို နည်းလမ်းနဲ့ ပိတ်မိနေတဲ့ လူငယ်လေးတွေကို ကယ်ထုတ်မယ်ဆိုတဲ့အသေးစိတ် အစီအစဉ်ကို တော့ ချင်းရိုင် ခရိုင်အုပ်ချုပ်ရေးမှူး က ထုတ်မပြော သေးပါဘူး။

ဒီလို အချိန်မှာပဲ ဂူထဲမှာပိတ်မိနေတဲ့ ကလေးတွေရဲ့ ထွက်ပေါက် ကို မြန်မာနိုင်ငံ ဘက်အခြမ်းမှာ ရှာဖွေပေးဖို့ ထိုင်းအစိုးရ က စနေနေ့မှာ မြန်မာအစိုးရထံ ထပ်မံ အကူအညီ တောင်းခဲ့ပါတယ်။

အဲဒီ အတွက် ကြက်ခြေနီအဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ နဲ့အတူ စစ်တပ် က လူတွေဟာ အဲဒီ ထိုင်းဖက် က ဂူ နဲ့ ဆက်နေနိုင်တဲ့ ဂူထွက်ပေါက်တွေ ကို မြန်မာဖက် အခြမ်းမှာ လိုက်လံ ရှာဖွေ နေတယ်လို့ တာချီလိတ် ခရိုင် ဆိုင်ရာ ထိုင်း မြန်မာဆက်ဆံရေးရုံး က တာဝန်ရှိသူ တယောက်ဖြစ်တဲ့ ဦးထွန်း က ဘီဘီစီ ကို ပြောပါတယ်။