ဂူထဲက ကလေးတွေကို စတင်ကယ်ထုတ်နေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂူထဲက ကလေးတွေ

မယ်ဆိုင် ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေကို စတင်ကယ်ထုတ်နေပြီဖြစ်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ လောက်ကစလို့ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဂူထဲ ဝင်သွားကြတယ်လို့ ဂူအနီးမှာ သတင်းယူနေတဲ့ ချင်းမိုင်အခြေစိုက် သတင်းထောက် ကိုအောင်မိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

၂ ပတ်ကျော်ကြာပိတ်မိနေတဲ့ ဘောလုံးအသင်းက ကလေးတွေနဲ့ နည်းပြဖြစ်သူတို့ကို ကယ်ထုတ်ဖို့အတွက် ဒေသစံတော်ချိန် ၁၀ နာရီမှာ ဂူထဲဝင်သွားကြလို့လည်း ချင်းရိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲဖြစ်တဲ့ နာရွှန်ဆတ် အော်စိုတန် နာခွန်ကလည်း သတင်းထောက်တွေကို ပြောပါတယ်။

သတင်းထောက်တွေအပါအဝင် အခြားမလိုအပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဂူအနီးအနားတဝိုက်မှာ မနေဖို့ ထွက်ခိုင်းထားပြီး ရေငုပ်သမားအဖွဲ့တွေ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေသာ ဂူအနားမှာ ကျန်ရှိပါတယ်။

နိုင်ငံခြားသား ရေငုပ်သမားတွေနဲ့ ထိုင်းရေတပ်သားတွေဟာ အဲဒီကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်နေကြပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီလောက်မှာ ပထမဆုံး လူငယ်တွေကို ကယ်ထုတ်နိုင်လိမ့်မယ်လို့လည်း အာဏာပိုင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း လူတွေအားလုံးအပြင်ရောက်ဖို့ကတော့ ရက်အနည်းငယ်ကြာမြင့်ဦးမှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ကလေးတွေနဲ့သူတို့ရဲ့ နည်းပြဖြစ်သူတို့ဟာ အလွန်ပဲ ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ပြီး သူတို့ဟာလည်း အပြင်ထွက်ဖို့ ဆုံးဖြတ်ထားကြပါတယ်လို့ မစ္စတာ နာခွန်က ပြောပါတယ်။

ကျဉ်းမြောင်းလှတဲ့ ဂူအတွင်းက လမ်းကြောင်းတွေနဲ့ ရေငုပ်ရမဲ့ လမ်းကြောင်းတွေဟာ ဒီကယ်ဆယ်ရေး လုပ်ငန်းအတွက် စိန်ခေါ်မှုတွေဖြစ်နိုင်တယ်လို့ ဂူအနီးအနားမှာ ရှိနေခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟတ်က သုံးသပ်ပါတယ်။