ထိုင်းကလေး ၄ဦးကယ်အပြီး ကယ်ဆယ်ရေး ခဏနား

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီး နောက်တခေါက်လုပ်ဖို့ အဆင်သင့်ဖြစ်မယ့် လာမယ့် နာရီ ၂၀ လောက်အတွင်း ပြန်စမယ်လို့ဆို

ထိုင်းနိုင်ငံ ချင်းရိုင်မှာရှိတဲ့ ထမ့်လွန်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေထဲက လေးဦးကို ကယ်ဆယ်နိုင် အပြီးမှာ လုပ်ငန်းတွေ ခေတ္တ ရပ်နား ထားလိုက်ပါတယ်။

ဒါပေမယ့် နောက်တခေါက် ကယ်ဆယ်ရေး လုပ်ဖို့ အသင့်ဖြစ်ပြီးချိန် နာရီ ၂၀ လောက်အတွင်း ပြန်စမယ်လို့ ကယ်ဆယ်ရေး ကြီးကြပ်သူ နရွန်ဆတ် အော်တာ နာကွန်းက ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နရွန်ဆတ် အော်တာ နာကွန်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချင်းမိုင်မှာ ကယ်ဆယ်ရေးသမား တဦးသေဆုံး

ကယ်ထုတ်လာတဲ့ ကလေးတွေဟာ ကျန်းမာရေး ကောင်းမွန်တဲ့အကြောင်းနဲ့ ကယ်ထုတ်လာတဲ့ ကလေးတွေရဲ့ နာမည်ကိုတော့ ဆေးရုံကသာ သိတယ်လို့ သူက ပြောပါတယ်။

ဂူထဲမှာ ကျန်နေတဲ့ နည်းပြနဲ့ ကလေးတွေကလည်း ကျန်းမာရေး အခြေအနေကောင်းနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီကနေ့ ကယ်ဆယ်ရေးအတွက် ဂူအတွင်းမှာ အသုံးပြုခဲ့တဲ့ အောက်ဆီဂျင်တွေအတွက် အစားထိုး ထပ်ဖြည့်ရမယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ချင်းရိုင် ဆေးရုံနားမှာရောက်နေတဲ့ ဘီဘီစီ သတင်းထောက်တွေကတော့ လူနာတင်ကား ၂ စီး ဆေးရုံကို ရောက်လာလို့ဆို

အခုလို ကယ်ဆယ်ရေး လုပ်တဲ့နေရာ အနီးတဝိုက်ကို ရောက်ရှိခဲ့တဲ့ အလွတ်သတင်းထောက် ကိုစည်သူမောင်ကတော့ MI-17 ရဟတ်ယာဉ်တစင်း ချင်းရိုင်ဘက်ကိုသွားတာ တွေ့လိုက်ပေမယ့် သတင်းသမားတွေ အနားသွားခွင့်မရတဲ့အတွက် အသေးစိတ် မသိခဲ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ကယ်ဆယ်ရေး စတင်ပြီးနောက်ပိုင်းမှာ ၆ ယောက်အထိ ကယ်ထုတ်နိုင်ပြီလို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၇ နာရီခွဲလောက်မှာ ဒီနေရာတဝိုက်ကို ရောက်ရှိနေတဲ့ ဧရာဝတီမြန်မာပိုင်း သတင်းထောက်ချုပ် ကိုကျော်ခ ကတော့ လူနာတင်ကားတွေ အဝင်အထွက်ရှိတာကို တွေ့ရပေမယ့် အရင်ရက်တွေကလည်း အလားတူ တွေ့နေရတဲ့အတွက် ဘယ်နှစ်ယောက် ကယ်ပြီးသလဲဆိုတာ မပြောနိုင်ခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

မယ်ဆိုင်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေကတော့ ဆေးရုံဘက်ကို လိုက်သွားနေပြီး ဆေးရုံမှာလည်း လုံခြုံရေးတင်းကျပ်ထားကာ ဘယ်သူမှ ခြံဝင်းထဲတောင် ပေးမဝင်ဘူးလို့ သတင်းထောက်တဦးဖြစ်တဲ့ ကိုအောင်မိုးမြင့်က ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီလောက်က ပြောဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အောက်ဆီဂျင်တွေအတွက် အစားထိုး ထပ်ဖြည့်ရမယ်လို့လည်း ဆို

နောက်ပိုင်းမှာတော့ ဒီကလေး ၄ ဦးကို ကယ်ဆယ်ပြီးပြီလို့ ထိုင်းရေတပ်ရဲ့ Facebook စာမျက်နှာက ထုတ်ပြန်ပြီးတဲ့နောက် ထိုင်းရေတပ် Facebook စာမျက်နှာက ကောင်းသောညပါလို့ နှုတ်ဆက်စကား ရေးသားခဲ့ပါတယ်။

ရေငုပ်သမားတွေ နောက်ထပ်ကယ်ဆယ်ရေး လုပ်ငန်းအတွက် ပြင်ဆင်ဖို့ ကယ်ဆယ်ရေး လုပ်ငန်း တွေကို ရပ်နားထားချိန်မှာပဲ ထိုင်းတာဝန်ရှိသူတွေ စိုးရိမ်ပူပန်နေသလို မယ်ဆိုင်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတယ်လို့ သြစတြေးလျ သတင်းစာရဲ့ အရှေ့တောင် အာရှ သတင်းထောက် Amanda Hodgeက တွစ်တာမှာ ရေးသားထားပါတယ်။

ထိုင်းမှာ ကလေးတွေနဲ့ နည်းပြကို ကယ်တင်ဖို့ အမေရိကန် အစိုးရကလည်း ထိုင်းအစိုးရနဲ့ အနီးကပ် အတူ တွဲလုပ်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

အခုလို ကယ်ဆယ်ရေးလုပ်ရာမှာ ကျန်းမာရေးကောင်းတဲ့ကလေးတွေကို အရင် ကယ်ထုတ်လာတယ် လို့လည်း တချို့မီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့် တချို့မီဒီယာတွေကတော့ အားနည်းနေသူ ကလေးတွေကို ပထမဆုံး ကယ်ထုတ်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ဒီနေရာကို ရောက်နေတဲ့ ဒေသခံနဲ့ နိုင်ငံတကာ သတင်းထောက်တွေကတော့ ဂူနားကနေ အရေးပေါ်ကားတွေ ထွက်ခွာလာတာ၊ ဒီနေရာကနေ ရဟတ်ယာဉ်တွေ ထွက်ခွာသွားတာတွေကို ဗွီဒီယိုကလစ်တွေ ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက် မီဒီယာ တွစ်တာပေါ်မှာ တင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီယာဉ်တွေပေါ်မှာ ဘယ်သူတွေပါသွားသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရဟတ်ယာဉ် ၂ စင်းလည်း ချင်းရိုင်ဆေးရုံကို ရောက်လာ

အခုလို ကြိုတင်ကြေညာမထားပဲ ကယ်ဆယ်ရေးစလိုက်ရတဲ့ အကြောင်းအရင်းတွေလည်း ရှိခဲ့ပါတယ်။

မကြာခင် ရက်ပိုင်းမှာ မိုးသည်းသည်း မည်းမည်း ရွာချလာနိုင်တဲ့အတွက် ဂူထဲမှာ ရေပြန်ပြည့်လာရင် ကယ်ဖို့ ခက်ခဲနိုင် တာရယ်၊ ဂူထဲမှာ အောက်ဆီဂျင် ပမာဏ လျော့လာနေတာရယ်ကြောင့် ထမ့်လွန်ဂူထဲ ပိတ်နေတဲ့ နည်းပြနဲ့ ကလေး ၁၂ ဦးကို ကယ်ထုတ်ဖို့ အကောင်းဆုံး အချိန်လို့ ထိုင်းတာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ ကြတာလို့ ဆိုပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်း ဂူအနီးမှာ မိုးသည်းထန်ပေမယ့် ညနေပိုင်းမှာတော့ ရာသီဥတုက ပြန်ကောင်းလာတယ်လို့ ဒီဂူနားမှာ ရောက်နေတဲ့ သတင်းထောက်တွေက တွစ်တာပေါ်မှာ ရေးသားကြပါတယ်။

အရင်သီတင်းပတ်က ကလေးတွေကို တွေ့ရှိခဲ့ပြီးတဲ့နောက် သူတို့ဆီကို လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တဲ့ ကျွမ်းကျင်တဲ့ ရေငုပ်သမားတွေက ကလေးတွေကို ကယ်ထုတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထုတ်ဝေနေတဲ့ ဘန်ကောက်ပိုစ့် သတင်းမှာတော့ ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေကို အုပ်စု ၄ စု ခွဲမှာလို့ ဖော်ပြပါတယ်။

ကလေးတွေရဲ့ နည်းပြကိုတော့ နောက်ဆုံး အုပ်စုမှာ ထည့်သွင်းမယ်လို့ ပြောပါတယ်။

Image caption ကယ်ဆယ်မယ့် အစီအစဉ်မှာ အမေရိကန်၊ သြစတြေးလျ၊ တရုတ်နဲ့ ဥရောပက ရေငုပ်သမား ၁၃ ယောက်နဲ့ ထိုင်းရေတပ်က ရေငုပ်သမား ၅ ယောက် ပါဝင်

ထိုင်းအစိုးရကလည်း ကယ်ဆယ်ရေး အစီအစဉ်တွေကို ထုတ်ပြန်ထားပါတယ်။

ဒီအစီအစဉ်အရ ကလေးတစ်ယောက်စီကို ရေငုပ်သမား နှစ်ယောက်က ရှေ့နောက် ခြံရံပြီး ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။

ရေအောက်ငုပ်ရချိန်မှာ ကလေးအတွက် လေအိုးကို ရေငုပ်သမား တစ်ယောက်က သယ်ပေးထားမှာ ဖြစ်ပြီး လူတကိုယ်စာပဲ ဝင်လို့ရတဲ့ လမ်းကြောင်းကျဉ်းတဲ့ နေရာ မှာတော့ ကျောပိုးထားတဲ့ လေအိုးတွေကို ဖြုတ်ပြီးမှ ထွက်ကြ မယ်လို့ ဆိုပါတယ်။

ရေအောက်မှာ မြင်နိုင်အား သိပ်နည်းတဲ့အတွက် လမ်းညွှန်ကြိုးကို ကိုင်ပြီး ဖြည်းဖြည်းချင်းပဲ ရှေ့ကို သွားဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

အခုလို ကယ်ဆယ်မယ့် အစီအစဉ်မှာ အမေရိကန်၊ သြစတြေးလျ၊ တရုတ်နဲ့ ဥရောပက ရေငုပ်သမား ၁၃ ယောက်နဲ့ ထိုင်းရေတပ်က ရေငုပ်သမား ၅ ယောက် ပါဝင်မှာ ဖြစ်ပြီး ဒီထဲက ၁၀ ဦးက ကလေးတွေရှိတဲ့ နေရာအထိ သွားဖို့ စီစဉ်ခဲ့ပါတယ်။

ဂူအခန်း နံပါတ်ခြောက်လို့ အမည်ပေးထားတဲ့ နေရာကိုတော့ ၆ ယောက် စေလွှတ်ဖို့နဲ့ တခြား နိုင်ငံတကာက ရေငုပ်သမားတွေကတော့ ဂူအခန်း နံပါတ်သုံးမှာ နေရာယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မကြာခင် ရက်ပိုင်းမှာ မိုးသည်းသည်း မည်းမည်း ရွာချလာနိုင်တဲ့အတွက် ဂူထဲမှာ ရေပြန်ပြည့်လာရင် ရေတွေ စုပ်ထုတ်ထားတာ အလဟဿဖြစ်ပြီး ကယ်ဖို့ ခက်ခဲနိုင်

ဒီလို ကလေးတွေကို ကယ်ထုတ်တဲ့နေရာမှာ ရေငုပ်ရာမှာ အထူးကျွမ်းကျင်သူတွေ လိုအပ်သလို ကလေးတွေက ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့နဲ့ မကြောက်လန့်ဖို့ လိုတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြပါတယ်။

ကလေးတွေမှာ ရေငုပ်အတွေ့အကြုံမရှိတာ၊ တချို့ဆိုရင် ရေမကူးတတ်တာတွေရှိ နေတာကြောင့်လည်း အခုလို သတိပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗြိတိန် လှိုဏ်ဂူဆိုင်ရာ အဖွဲ့ရဲ့ အကြီးအကဲဟောင်း Andy Eavisက ကလေးတွေ ရေကူးတတ်စရာမလိုဘဲ အသက်ရှုတဲ့ ကိရိယာတွေနဲ့ ရေအောက်မှာ ဘယ်လို အသက်ရှုမလဲဆိုတာကို သိဖို့ပဲလိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဂူကြမ်းပြင်မှာ ရေငုပ်သမားနောက်ကနေ တွားသွားပြီး လိုက်ပါလာဖို့ပဲ လိုတာကြောင့် ကြောက်ရွံထိတ်လန့် တုန်လှုပ်တာ မဖြစ်ဖို့က အဓိကပဲလို့ သူက ပြောခဲ့ပါတယ်။

အခုလို ကယ်ဆယ်ရေး အစီအစဉ်တွေ မစခင်မှာ စေတနာ့ဝန်ထမ်းလုပ်သားတွေနဲ့ မီဒီယာတွေဟာ ဂူနားဝန်းကျင်မှာ ရက်သီတင်းပတ်ကျော် ကြာမြင့်တဲ့အချိန်အထိ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းကစလို့ မီဒီယာတွေဟာ ဂူ အနားကမနေဖို့ တားမြစ်ခံခဲ့ရပြီး အဲဒီအချိန်ကစလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီဖြစ်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိလာခဲ့တာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေရဲ့ ဒုတိယ ဗီဒီယို ထွက်လာ

ဆက်စပ် အကြောင်းအရာများ