တော၀က်ကလေးတွေကို ဂူပြင်မှာ မြင်တွေ့နိုင်ပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption ပထမဆုံး ကယ်ထုတ်ခဲ့ပြီးနောက် လူနာတင်ယာဉ် ချင်းရိုင် ဆေးရုံ ရောက်လာပုံ

ထိုင်းစံတော်ချိန် မနက် ၁၀ နာရီမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဇူလိုင်လ၈ရက်နေ့ က စတင် လုပ်ဆောင်ခဲ့ပြီး ညနေ ၅ နာရီ မိနစ်၄ဝမှာ အကြံ့ခိုင်ဆုံး ဖြစ်တဲ့ ပထမဆုံး ကလေးတဦးကို အောင်အောင် မြင်မြင် ကယ်ထုတ်နိုင်ခဲ့ ပါတယ်။

ထိုင်းနိုင်ငံ ထမ်လွန် နန့်နွမ်း ဂူထဲမှာ ပိတ်မိနေတဲ့ နည်းပြနဲ့ ကလေး ၁၂ ဦး အနက် ၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ ထိုင်း တာဝန်ရှိ သူတွေက မနေ့ညက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုခဲ့တာ ဖြစ် ပါတယ်။

အစောပိုင်းက ည ၉ နာရီလောက်မှာ ပထမဆုံး ကလေးတဦးကို ကယ်ထုတ်နိုင်မယ်လို့ ထိုင်းတာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုခဲ့ပေမယ့် အခုတော့ သတ်မှတ်ထားတဲ့ အချိန် နာရီထက် စောပြီး ကယ်ထုတ် နိုင်ခဲ့တာကြောင့် ထင်ထားသလောက် အခက် အခဲမရှိဘူးလို့လည်း ကယ်ဆယ်ရေး ဖြစ်စဉ်ကို စောင့်ကြည့်နေတဲ့သူတွေက သုံးသပ်ကြပါတယ်။

ဇူလိုင် ၈ရက်နေ့က စုစုပေါင်း ကလေး ၄ ယောက်ကို ကယ်ထုတ်လာနိုင်ပြီး အားလုံးကို ချင်းရိုင်ခရိုင် ဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်လာမယ့် ၄ ရက် အတွင်း ထိုင်းလူငယ်တွေကို ကယ်ဆယ်နိုင်ရေး

ထိုင်းကယ်ဆယ်ရေး အဖွဲ့ဝင် ၁ ဦး သေဆုံး

ကယ်ထုတ်လာတဲ့ ကလေးတွေဟာ ကျန်းမာရေး ကောင်းမွန်သလို ဂူထဲမှာ ကျန်နေ တဲ့ ကလေး ၈ ယောက်နဲ့ နည်းပြတို့ဟာလည်း ကျန်းမာရေး ကောင်းတယ်လို့ ကလေးတွေကို ကယ်ထုတ်ပြီးတဲ့နောက် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့တဲ့ နရွန်ဆတ်အော်တာ နာကွန်းက ပြောပါတယ်။

နိုင်ငံထဲမှာရှိတဲ့ ပြည်သူတွေနဲ့ တချိန်လုံးထောက်ခံတဲ့သူတွေကို အသိပေးချင်တာက ကလေးတွေ ဂူထဲပိတ်မိတာ ၁၆ ရက်ကြာ အပြီးမှာ လူအများစောင့်ဆိုင်းနေတဲ့ တောဝက်လေးတွေကို မျက်မြင် ကိုယ်တွေ့ ပြန်တွေ့ရပါပြီလို့ မစ္စတာ နာရွန်းဆတ် အော်တာနာကွန်း ဆိုပါတယ်။

ကယ်ထုတ်လာတဲ့ ကလေးတွေက ဘယ်သူတွေလဲလို့ သတင်းထောက်တွေက မေးရာမှာတော့ သူတို့ရဲ့နာမည်ကို ဆေးရုံကသာ သိတယ်လို့ သူက ဖြေပါတယ်။

မိုးတွေ သည်းသည်းမည်းမည်း ရွာလာနိုင်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်း တွေကို အလျင်အမြန်ဆောင်ရွက်လာချိန်မှာ မနေ့ည ၉ နာရီက ကယ်ဆယ်ရေး လုပ်ငန်းတွေ ခဏ ရပ်ဆိုင်းလိုက်တာကြောင့် စောင့်ကြည်နေသူတွေ အားမလို အားမရ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ နာရွန်းဆတ် အော်တာနာကွန်းက ပြင်ဆင်စရာရှိတာတွေကို ပြုပြင်ဆောင်ရွက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြန်စမယ်လို့ ပြောပါတယ်။

Image caption T လမ်းခွဆုံလို့ခေါ်တဲ့ အခက်ခဲဆုံး နေရာ

ကလေးတွေ ကယ်ထုတ်လာတဲ့လမ်းကြောင်းမှာရှိတဲ့ အောက်ဆီဂျင်ဗူးတွေ အစားထိုး ထပ်ချရမှာ ဖြစ်ပြီး မနေ့က ရှိသမျှ အားလုံးကို အသုံးပြုလိုက်လို့ အစားပြန်ဖြည့်ဖို့ လိုနေသလို အားလုံး အသင့်ဖြစ်ရင် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြန်စမှာ ဖြစ်ကြောင်း ၊ ဘယ်အချိန်မှာ ပြန်စမလဲဆိုတာကတော့ ပြောဖို့ ခက်ကြောင်း ၊ ပထမ တသုတ် ကယ်ထုတ်ပြီးနောက် ၁၀ နာရီနဲ့ နာရီ ၂၀ အတွင်း မှာ ပြန်စနိုင်မယ်လို့ ခန့်မှန်းကြောင်း သူက ဆိုပါတယ်။

ဇူလိုင် ၈ရက်နေ့က ပထမ အသုတ် ကယ်ဆယ်ရေး လုပ်ငန်းမှာတော့ နိုင်ငံခြားရေငုပ်သမား ၁၃ဦးနဲ့ ထိုင်း ရေတပ် တပ်ဖွဲ့ဝင် ၅ ဦးတို့ ပါဝင်ခဲ့ကြပါတယ်။

ကလေး ၄ ဦးကို ကယ်ဆယ်လိုက်နိုင်ပြီလို့ ထိုင်းရေတပ်ရဲ့ Facebook စာမျက်နှာက အတည်ပြုထုတ်ပြန်ခဲ့သလို နောက်ပိုင်းမှာလည်း ထိုင်းရေတပ်ရဲ့ Facebook စာမျက်နှာမှာ ကောင်းသောညပါလို့ နှုတ်ဆက်စကား ရေးသားခဲ့ပါတယ်။

ကယ်ဆယ်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့လို့လည်း ထိုင်းရေတပ်ဟာ လူအများရဲ့ ချီးကျူးတာကို ခံခဲ့ရပါတယ်။

Image caption ဘယ်လောက်ခက်ခက်ခဲခဲ ကြားက ကယ်ရသလဲ ဆိုတာကို ရှင်းပြတဲ့ မြေပုံ

ကလေးတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေတာကိုလည်း ကမ္ဘာတဝန်းက စောင့်ကြည့်နေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကလေးတွေကို ကယ်တယ်ဖို့ အမေရိကန်နဲ့ ထိုင်းအစိုးရတို့ အနီးကပ် အတူတွဲလုပ်နေတယ်လို့ လူမှုကွန်ရက် တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ကလေးတွေနဲ့ နည်းပြကို ရုရှားမှာ ကျင်းပတဲ့ ကမ္ဘာဖလား နောက်ဆုံး ဗိုလ်လုပွဲကို လာရောက် ကြည့်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino ဒီသတင်းပတ် အစောပိုင်းက ဖိတ်ခေါ်ထားပါတယ်။

ကလေးတွေ အချိန်မီ ကယ်ဆယ်နိုင်ပြီး ခရီးထွက်နိုင်လောက်တဲ့ အထိ ကျန်းမာ တယ်ဆိုရင် ဗိုလ်လုပွဲကို လာကြည့်ဖို့ သူက ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကတော့ ကလေးတွေနဲ့ နည်းပြတွေတင်သာမက ကယ်ဆယ်ရေး သမားတွေကိုပါ ကြည့်ခွင့်ပေးသင့်တယ်လို့ ပြောဆိုနေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ