စုစုပေါင်း ကလေး ၈ ယောက်ထိ ကယ်ထုတ်နိုင်ကြောင်း ထိုင်းနေဗီဆီး အတည်ပြု

Image caption မျှော်တလင့်လင့် စောင့်ကြိုသူတွေ

ကယ်ဆယ်ရေး ဒုတိယနေ့မှာလည်း ကလေး ၄ ယောက်ကို ထပ်မံကယ်ထုတ် နိုင်ခဲ့ပြီး စုစုပေါင်း ကလေး ၈ ယောက်ကို ဂူပြင်အရောက် ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ထိုင်း အထူးရေတပ်အဖွဲ့ နေဗီဆီးက အတည်ပြု ပါတယ်။

ကလေးတွေကို ထပ်မံ ကယ်ထုတ် နိုင်ခဲ့တယ် ဆိုတဲ့ သတင်းအပေါ် ထိုင်းအာဏာပိုင်တွေရဲ့ တရား၀င် အတည်ပြုချက် ရလာတာ ဖြစ်ပါတယ်။

ထိုင်းနေဗီဆီးရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကယ်ထုတ် နိုင်ခဲ့တဲ့ ကလေးတွေကို သူတို့ရဲ့ တောဝက် ဘောလုံးအသင်းကို ရည်ညွှန်းရင်း တောဝက်လေး နံပါတ်တစ် နံပါတ်နှစ် စသဖြင့် ရေးသားထားတာ တွေ့ရပါတယ်။

Image caption နေဗီဆီးက အတည်ပြု
Image caption ကလေး ၆ ယောက်မြောက်နဲ့ ၇ ယောက်မြောက်ကို သယ်လာတဲ့ယာဉ်

အစောပိုင်းတုန်းကလည်း နောက်ထပ် လေးယောက် ဂူပြင်အရောက် ထုတ်ပေး နိုင်ခဲ့တဲ့အကြောင်း ကယ်ဆယ်ရေး အဖွဲ့ထဲက သတင်းရင်းမြစ်က ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို အတည်ပြုပါတယ်။

တနင်္ဂနွေနေ့ မနေ့က ကယ်ထုတ်ခဲ့တဲ့ လေးယောက်နဲ့ပါဆိုရင် ထမ်လုံဂူကြီးထဲကနေ စုစုပေါင်း ၈ ယောက်ထိ ဂူပြင်အရောက် ခေါ်ဆောင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကယ်ထုတ်ထားသမျှ ၈ ယောက်လုံး ကလေးတွေ ဖြစ်တဲ့ အတွက် ၂၅ နှစ် အရွယ် နည်းပြဆရာတော့ ဂူထဲ ဆက်ရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

အဲဒီ နည်းပြနဲ့ ကျန် ကလေး ၄ ယောက်ကို အင်္ဂါနေ့မှာ ဆက်လက် ကယ်ထုတ်ဖို့ စီစဉ်ထားပါတယ်။

Image caption ချင်းရိုင်က လေတပ်ကွင်းကို ဆိုက်လာတဲ့ ရဟတ်ယာဉ်
Image caption ထမ်လုံဂူနဲ့ ချင်းရိုင်မြို့အကြား ပျံသန်းနေတဲ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဟတ်ယာဉ်
Image caption ၅ ယောက်မြောက် ကလေးကို သယ်လာတယ်လို့ ယူဆနေ

အစောပိုင်းက သိထားရတဲ့ သတင်းတွေအရ ဂူကြီးထဲမှာ ထားရှိတဲ့ စခန်းနေရာကို ကလေးတွေကို ခေါ်လာနိုင်ခဲ့ပြီး တစ်ယောက်ချင်းစီကို ဂူအပြင်ဘက် အသင့်စောင့်နေတဲ့ လူနာတင်ယာဉ်တွေပေါ် တင်ပေးနေတာလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့တုန်းက ကယ်ထားတဲ့ ကလေး ၄ ယောက်ကို တင်ထားတဲ့ ချင်းရိုင် ဆေးရုံရှေ့မှာ ဘီဘီစီသတင်းထောက် မာတင်ပေးရှင့်စ် အသင့်စောင့်နေပါတယ်။

ထမ်လုံဂူရှိရာကနေ ရဟတ်ယာဉ် ပျံတက်သွားခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ဆေးရုံရှေ့မှာ လူနာတင်ယာဉ်တစ်စင်း ဆိုက်လာပါတယ်။

လူနာတင်ယာဉ်ပေါ်ကနေ လူတစ်ယောက်ကို အောက်ကိုချသွားတာကိုလည်း တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

၅ ယောက်မြောက်ကို ဂူပြင်အရောက် ကယ်ထုတ်ခဲ့ပြီး ဟုတ်မဟုတ်ကို ထိုင်းအာဏာပိုင်တွေ ဘက်က အတည် မပြုသေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
thai 8

ဒုတိယနေ့ ကယ်ဆယ်ရေး စတင် လာခဲ့ပြီးတဲ့နောက် ၅ ယောက်မြောက် ကလေးကို ဂူပြင်အရောက် ထုတ်လာနိုင်ပြီလို့ ထိုင်းရေတပ်ကို ကိုးကားပြီး ရိုက်တာကရေးပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ ထမ်းစင်တစ်ခုကို ဂူပေါက်၀ စောင့်နေတဲ့ လူနာတင်ယာဉ်ပေါ်ကို တင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာရောက်နေတဲ့ ဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်ဒ်ကလည်း ထမ်လုံဂူရှိတဲ့ နေရာကနေ ရဟတ်ယာဉ်တစ်စင်း ပျံတက်သွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ခက်ခက်ခဲခဲ ဆောင်ရွက်ရတဲ့ ဂူထဲကနေ ကယ်တင်ပုံ အဆင့်ဆင့်

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဆိုင်မြို့အနီးမှာ ရှိတဲ့ ထမ်လွန်နမ့်နွန်ဂူထဲမှာ ကျန်ရှိနေသေးတဲ့ ထိုင်းကျောင်းသား ဘောလုံးအသင်းက ကလေးတွေကို ထပ်မံ ကယ်ထုတ်နိုင်ဖို့ ဇူလိုင် ၉ ရက် ဒီနေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၁၁ နာရီမှာ ရေငုပ်သမားတွေဟာ အန္တရာယ်များလှတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် စတင်နေပြီလို့ အရေးပေါ် သတင်းစာရှင်းလင်းပွဲမှာ ထိုင်းတာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။

ကယ်ဆယ်ရေးသမား အရေအတွက်ဟာ မနေ့ကထက် ပိုများတယ်လို့ ချင်းရိုင်ဒေသအာဏာပိုင်တွေက ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇူလိုင်လ ၈ နေ့ ညက မိုးရွာထားပေမယ့်လည်း ဂူထဲ ရေမဝင်တဲ့အတွက် ဇူလိုင် ၈ ရက်နေ့က လုပ်ခဲ့တဲ့ ကယ်ဆယ်ရေးအစီအစဉ်ထက် ပိုမိုမြန်ဆန်ပြီး အခြေအနေကောင်းနိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ကယ်ဆယ်ရေး လုပ်သားတွေဟာ ဂူထဲကနေ လူတယောက်ကို ထမ်းစင်နဲ့ သယ်ထုတ်လာတယ်ဆိုပြီး ထိုင်းရေတပ် အရာရှိ တယောက်ကို ကိုးကားကာ ရိုက်တာ သတင်းက ဖော်ပြပါတယ်။

တနင်္လာနေ့ မနက်အစောပိုင်းကတည်းက ဂူဝင်ပေါက်နားက ကယ်ဆယ်ရေး စခန်းမှာ လူနာတင်ယာဉ် ၇ စင်း ထက်မနည်း အဆင်သင့် ပြင်ဆင်ထားပါတယ်။

ဒုတိယနေ့ ကယ်ဆယ်ရေး ဘယ်တော့ အဆုံးသတ်မယ် ဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့် လာမယ့် နာရီ အနည်းငယ်အတွင်းမှာ သတင်းကောင်းကြားရဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အရေးပေါ် လူနာတင်ယာဉ်တွေ အဆင်သင့် ပြင်ဆင်ထား

ပိတ်မိကလေးတွေထဲက ၆ ယောက်ဟာ မယ်ဆိုင်မြို့ ပယာဆစ်ဆပ် ကျောင်းကပါ။

ကလေးတွေ ဂူထဲကနေ ထွက်လာပြီး ကျောင်းပြန်တက်တဲ့ အခါ သူတို့အတွက် သီးသန့်အတန်းတွေ စီစဉ်ပေးမယ်လို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့ ကျောင်းဒါရိုက်တာ ကဲနက် ပွန်ဆူဝမ်က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တခြား ကျောင်းသားလေးတွေနဲ့ ခွဲခြားပြီး ဆက်ဆံ ခံနေရတယ်ဆိုတဲ့ ခံစားချက်မျိုး ဝင်မသွားအောင်လည်း ဂရုစိုက်မယ်လို့ ဆိုပါတယ်။

Image caption သူငယ်ချင်းတွေအတွက် ဆုတောင်းပေးနေ
Image caption ကလေးတွေအသက်ကို ဘုရားသခင် စောင့်ရှောက်တော်မူပါစေ

တနင်္လာနေ့ ကယ်ဆယ်ရေး ဒုတိယနေ့ သိမှတ်ဖွယ်ရာများ

* ထိုင်းစံတော်ချိန် မနက် ၁၁ နာရီမှာ ကယ်ဆယ်ရေး ဒုတိယအဆင့် စတင်

*ထိုင်း စံတော်ချိန် ည ၇ နာရီခွဲနဲ့ ၈ နာရီကြား ကလေးတစ်ယောက်ကို ဂူပြင်အရောက် ထုတ်လာဖို့ ရည်မှန်း

*ပထမနေ့က လေးယောက်ကို ဂူပြင်အရောက် ထုတ်နိုင်ခဲ့၊ မိသားစုနဲ့ တွေ့ခွင့်မပေးသေး

*အပြင်ရောက်ရှိနှင့်တဲ့ ကလေးတွေ ဘယ်သူဘယ်ဝါလဲ ဆိုတာ ထုတ်မပြော

*ကလေးတွေကို စောင့်ရှောက်နေတဲ့ ချင်းရိုင်ဆေးရုံက သူတို့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာရှိတယ်လို့ပြော

*ဂူထဲ သီတင်းနှစ်ပတ်နီးပါး နေခဲ့ရတော့ ရောဂါပိုးတွေ ကူးစက်ခံထားရလား ဆိုတာ စိုးရိမ်လို့ ဆေးရုံမှာ သီးခြားထား

Image caption ခရီးသည်တွေ အလာများတဲ့ ထမ်လုံဂူ
Image caption ထိုင်းလူထုလည်း ကယ်ဆယ်ရေးမှာ အားကြိုးမာန်တက်
Image caption ရေငုပ်သမား အင်အားအများအပြားနဲ့ ကယ်ဆယ်

ပထမနေ့ ကယ်ဆယ်ရေး အောင်မြင်

ဇူလိုင် ၈ ရက်နေ့ည ပိုင်းကတော့ ဂူထဲမှာ ပိတ်မိနေတဲ့ လူ ၄ ယောက်ကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီး ချင်းရိုင်ခရိုင်ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးထားပါတယ်။

၄ ယောက်ကို ကယ်ထုတ်အပြီးမှာ မိုးသည်းသည်းမည်းမည်း ရွာလာနိုင်တဲ့ အပြင် ကယ်ထုတ်ရာလမ်းကြောင်း တလျှောက်က အောက်ဆီဂျင် လေဘူးတွေ ပြန်ဖြည့်ဖို့ လိုတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်းကို ခေတ္တ ရပ်နားထားခဲ့ပါတယ်။

ကယ်ဆယ်ရေး အတွက် အချိန် အတော်ကြာ ယူရပြီး ရေငုပ်သမားတွေဟာ ဂူပေါက်ကနေ ၃ မိုင်ကျော် (၅ ကီလိုမီတာ) လောက် အကွာအထိ အထဲကို ဝင်ရပြီး ကလေးတွေကို အတူ စောင့်ကြပ် တွဲခေါ်ရမှာပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကလေးတွေကို တင်ထားတဲ့ ဆေးရုံရှေ့ မြင်ကွင်း

ကလေးတွေကို မိဘနဲ့ တွေ့နိုင်ဖို့ စဉ်းစားနေ

လွတ်မြောက်လာတဲ့ ကလေးတွေဟာ ချင်းရိုင်ခရိုင် ပရာချန်နူခရွန် ဆေးရုံမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွင် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကူးစက်ရောဂါ စိုးရိမ်ချက်ကြောင့် အခုလောလောဆယ် သူတို့ကို တွေ့ခွင့် မပေးသေးဘူးလို့ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးမှူးနေတဲ့ နာရွန်ဆတ်အိုဆသန်ကွန်က ပြောပါတယ်။

မိသားစုဝင်တွေအနေနဲ့ မှန်နံရံ အပြင်ဘက်က ကြည့်ရှုနိုင်ဖို့ ဆရာဝန်တွေနဲ့ တိုင်ပင်နေပြီး စဉ်းစားဆုံးဖြတ်ဖို့ ရှိတယ် ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းကျောင်းသား ဘောလုံးအသင်းက လူငယ်တွေဟာ ၂ ပတ် ကျော် ဂူထဲမှာ ပိတ်မိနေခဲ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အသက်တချောင်း အလဟဿ မဖြစ်စေရဘူး

ကယ်ထုတ်ပြီး ကလေးတွေ နာမည်မဖော်ပြသေး

ဂူထဲကနေ ကယ်ထုတ်ထားပြီးဖြစ်တဲ့ ကလေး ၄ ယောက်ရဲ့ နာမည်တွေကိုတော့ မဖော်ပြနိုင်သေးဘူးလို့ ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီလို မဖော်ပြသေးတာဟာ အထဲမှာ ကျန်ရှိနေသေးတဲ့ ကလေးတွေရဲ့ မိသားစုတွေကို သက်ညှာတဲ့ အနေနဲ့ မဖော်ပြ မကြေညာရသေးတာလို့ ဆိုပါတယ်။

ဆေးရုံမှာရောက်နေတဲ့ ကလေး ၄ ဦးကို မိသားစုတွေနဲ့လည်း ပေးမတွေ့သေးဘူးလို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောပါတယ်။

သူတို့အနေနဲ့ ဘယ်ကလေးတွေကို ကယ်ထုတ်လာတယ်ဆိုတာ အာဏာပိုင်တွေက မပြောဘူးလို့ ကလေးမိဘတဦးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ရိုက်တာ သတင်းတပုဒ်မှာဖော်ပြထားပါတယ်။

Image caption ကယ်ဆယ်ရေး လုပ်ဆောင်ပုံ သရုပ်ပြ

လူငယ် ၄ ဦး ကို ကယ်ဖို့ ၈ နာရီနီးပါး ကြာမြင့်

တနင်္ဂနွေနေ့က ၄ ဦး ကို ကယ်ထုတ် နိုင်ခဲ့တဲ့ ခရီးစဉ်မှာ စုစုပေါင်း ကြာမြင့်ချိန်က ၈ နာရီ နီးပါး ရှိပြီး ခန့်မှန်း ထားတာထက် ကယ်ဆယ်ရေး လုပ်ငန်း က သွက်လက် မြန်ဆန် ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။

ကျောင်းသားဘောလုံးအသင်းက ကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ အက်ကပေါင် ချန်တဝေါင်တို့ဟာ ဇွန်လ ၂၃ ရက်နေ့ကတည်းက ဂူထဲမှာ ပိတ်မိနေခဲ့တာပါ။

တနင်္ဂနွေနေ့မှာတော့ ခေတ္တ မိုး ရပ်နေတာကို အခွင့်ကောင်းယူပြီး ကယ်ဆယ်ရေးသမားတွေဟာ ကယ်ဆယ်ရေး လုပ်ငန်းကို မျှော်မှန်းထားတာထက် စောပြီး စတင်နိုင်ခဲ့ပါတယ်။

ပထမအဆင့် ကယ်ဆယ်ရေး လုပ်ငန်းက အဆင်ပြေချောမွေ့ခဲ့ပြီး ကယ်ထုတ်နိုင်ခဲ့သူ ၄ ဦးစလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် တညလုံး မိုးပြန်ရွာလာတာ အပြင် လာမယ့် ရက်တွေမှာလည် မိုးရွာဖို့ ခန့်မှန့်ထားလို့ ရေငုပ်သမားတွေဟာ ကျန်နေသူတွေကို ကယ်ထုတ်ဖို့ အချိန်လု လုပ်ရဖွယ်ရှိနေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ၃-၄ ရက် ပဲ အချိန်ရနိုင်မယ်လို့ ချင်းရိုင်ခရိုင် အုပ်ရေးမှူး နာရွန်ဆက်က ပြီးခဲ့တဲ့ စနေနေ့တုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့မှာ ရေငုပ်ကျွမ်းကျင်သူ နိုင်ငံတကာက လူ ၅၀ နဲ့ ထိုင်းနိုင်ငံက လူ ၄၀ ပါဝင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးတွေ ဂူထဲက ပြန်ထုတ်နိုင်ရေး

ခက်ခဲကြမ်းတမ်းတဲ့ ကယ်ဆယ်ရေးလမ်း

ပိတ်မိနေတဲ့ ကလေးတွေ ခိုလှုံနေတဲ့ နေရာကို အသွား-အပြန် ခရီးက အတွေ့အကြုံရင့်ကျက်တဲ့ ရေငုပ်သမားတွေ အတွက်တောင် ခက်ခဲပြီး ပင်ပန်းလှပါတယ်။ ခရီးလမ်းတလျှောက်မှာ ချထားတဲ့ လမ်းကြောင်းပြ ကြိုးတန်းနဲ့ အတူ လမ်းလျှောက်ရတာ၊ ရေထဲ ဖြတ်ရတာ၊ အမြင့်တက်ရတာနဲ့ ရေငုပ်ရတာတွေ လုပ်ရပါတယ်။

ရေငုပ် အတွေ့အကြုံမရှိ ကလေးတွေ အတွက် လွယ်ကူအောင် မျက်နှာပြည့် အသက်ရှု ကိရိယာတွေ တပ်ဆင်ရပြီး ကလေးတယောက်ချင်းစီ အတွက် အကူ ဝါရင့် ရေငုပ်သမား နှစ်ယောက် ထားပေးရပါတယ်။

အခက်ခဲဆုံးအပိုင်းက လမ်းတဝက်လောက်မှာ ရှိတဲ့ T လမ်းဆုံလို့ အမည်ပေးထားတဲ့ အင်မတန် ကျဉ်းမြောင်းတဲ့ နေရာကို ဖြတ်ရတဲ့ အခိုက်အတန့်ပါ။ အဲဒီ နေရာကို ဖြတ်ကျော်နိုင်ဖို့ အတွက် ရေငုပ်သမားတွေဟာ သူတို့ရဲ့ အသက်ရှု အထောက်အကူပြု လေဘူးတွေကို ဖြုတ်ရပါတယ်။

ဓာတ်ပုံ မူပိုင် FACEBOOK/EKATOL
Image caption ပိတ်မိနေတဲ့ ကျောင်းသားလေးတွေ ပါဝင်တဲ့ သူငယ်ချင်းအုပ်စု ဓာတ်ပုံဟောင်း တပုံ

■ ပိတ်မိနေတဲ့ ကျောင်းသားဘောလုံးအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ နည်းပြဆရာ

● ချနင်း ဝေဘောင်ရန်ဂရူအန် (Chanin Vibulrungruang) , အသက် ၁၁ နှစ် (နာမည်ပြောင် - တိုင်တန်) - အသက် ၇ နှစ် အရွယ်ကတည်းက ဘောလုံး စတင်ကစားခဲ့သူပါ။

● ပန်နူးမတ်စ် ဆန်ဒီ (Panumas Sangdee)၊ အသက် ၁၃ နှစ် 13 (နာမည်ပြောင် - မစ်) - ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်တွေက သူတို့ကို ကောင်းကောင်းစောင့်ရှောက်ထားတယ်လို့ မိဘတွေဆီ ဂူထဲကနေ စာရေးခဲ့သူပါ။

● ဒူဂါပက် ပရော့ပ်တကပ် (Duganpet Promtep)၊ အက် ၁၃ နှစ် (နာမည်ပြောင် - ဒွမ်) - တောဝက် ကျောင်းသားဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ပါ၊ သူ့ကို ထိုင်းပရော်ဖက်ရှင်နယ် ကလပ်အသင်းတွေက မျက်စိကျနေတယ် ဆိုပါတယ်။

● ဆွန်ပွန် ဂျေဝေါင် (Somepong Jaiwong)၊ အသက် ၁၃ နှစ် (နာမည်ပြောင် - ပွန်) - ပွန်က ထိုင်းနိုင်ငံ ကိုယ်စားပြု ဘောလုံး လက်ရွေးစင် အသင်းမှာ ပါဝင်နိုင်ဖို့ အထိ ရည်မှန်းချက် မြင့် သူပါ။

● မွန်ခိုးလ် ဘူနီအမ် (Mongkol Booneiam )၊ အသက် ၁၃ နှစ် (နာမည်ပြောင် - မာ့ခ်) - ဆရာ၊ မိဘတွေကို အင်မတန် ရိုကျိုး လေးစားတတ်သူ လူကောင်းလေးလို့ သူ့ ဆရာတွေက မာ့ခ်ကို ညွှန်းဆိုပါတယ်။

● နာတဝပ် တာကမ်ရောင်း (Nattawut Takamrong)၊ အသက် ၁၄ နှစ် (နာမည်ပြောင် - တန်) - သူက မိဘတွေကို သူ့အတွက် စိတ်မပူဖို့ ဂူထဲကနေ စာရေးခဲ့သူပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်း လူငယ် တွေကို ကယ်တင် နိုင်ဖို့ နီးစပ်ပြီလား

● အေကရပ် ဝေါင်ဆူချမ်း (Ekarat Wongsukchan)၊ အသက် ၁၄ နှစ် (နာမည်ပြောင် - ဗြူ) - သူက သူ ဂူထဲက အပြင် ပြန် ထွက်လာနိုင်တာနဲ့ အမေရဲ့ ဆိုင်မှာ ကူညီပေးမယ်လို့ ဂူထဲကနေ လှမ်း ကတိပြုထားသူပါ။

● အဒူလ် ဆမ်-အွန် (Adul Sam-on) (ခေါ်) အိုက်လူ၊ အသက် ၁၄ နှစ်၊ သူက ထိုင်းမြောက်ပိုင်းနယ် ဘော်လီဘောပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ လူငယ်အသင်းဝင် ကစားသမားတယောက်ပါ။ သူသာ မြန်မာပြည်ဘက်မှာ မွေးဖွား ခဲ့တဲ့ 'ဝ' လူမျိုး တဦးဖြစ်ပြီး ထိုင်းဘက်ခြမ်းက ခရစ်ယာန် ဘုရားကျောင်းမှာ နေထိုင်ရင်း ကျောင်းတက်နေသူ တဦးဖြစ်ပါတယ်။

● ပရာဂျပ်ဆူထန် (Prajak Sutham)၊ အသက် ၁၅ နှစ်၊ သူ့ကို မိသားစု မိတ်ဆွေတွေက ထက်မြက်ပေမယ့် အေးအေးနေတတ်တဲ့ မောင်လူအေးလေး အဖြစ် ပြောဆိုကြပါတယ်။

● ပီပက်ဖို (Pipat Pho)၊ အသက် ၁၅ နှစ် (နာမည်ပြောင် - နစ်ခ်)၊ သူက သူ့ကို ကယ်တင်ပြီးရင် အသားကင်ဆိုင်ခေါ်သွားပြီး ကျွေးဖို့ မိဘတွေကို ဂူထဲကနေ စာရေး တောင်းဆိုထားသူပါ။

● ပွန်ချိုင်းကမ်လူဝမ် (Pornchai Kamluang)၊ အသက် ၁၆ နှစ် (နာမည်ပြောင် - တီ) - သူ့မိဘတွေကို စိတ်မပူဖို့၊ သူ အလွန့်ကို ပျော်နေတယ်ဆိုပြီး ဂူထဲကနေ ပြောခဲ့သူပါ။)

● ပီရာပတ် ဆွမ်ပင်ဂျိုင် (Peerapat Sompiangjai), အသက် ၁၇ နှစ် (နာမည်ပြောင် - နိုက်) - ကျောင်းသားအဖွဲ့ ဂူထဲ ဝင်သွားတဲ့နေ့က သူ့ မွေးနေ့ပါ၊ သူ့မိဘတွေက သူ့မွေးနေ့ပွဲပါတီကို သူထွက်လာမှာ ကျင်းပဖို့ အခုထိ စောင့်နေတုန်းပါ။

● ကျောင်းသား ဘောလုံးအသင်း လက်ထောက် နည်းပြ အက်ကပေါင် ချန်တဝေါင် (Ekapol Chantawong)၊ အသက် ၂၅ နှစ် (နာမည် ပြောင် - Ake)၊ သူက ကျောင်းသားတွေရဲ့ မိဘတွေကို တောင်းပန်စာ တစောင် ဂူထဲက ပေးပို့ခဲ့ပါတယ်၊ ဒါပေမယ့် မိဘတွေက ဒီကံမကောင်း အကြောင်းမလှခဲ့တဲ့ ဖြစ်ရပ်အတွက် သူ့ကို အပြစ်ဖို့စရာ မရှိဘူးလို့ စာပြန်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းကလေးငယ်တွေကို ရှာဖွေခဲ့ပုံ အဆင့်ဆင့်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ