ဂူထဲ နှစ်ပတ်ကျော် ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်

ဓာတ်ပုံ မူပိုင် Lauren DeCicca
Image caption ဂူဝက စောင့်မျှော် ကြည့်ရှုနေကြသူတွေ

ထိုင်း တော်ဝင် ရေတပ် အထူးတပ်ဖွဲ့က ဂူထဲပိတ်မိနေတဲ့ လူငယ် ၁၂ ယောက်နဲ့ ဘောလုံးနည်းပြ အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီ လို့ ကြေညာ လိုက်ပါတယ်။

တာချီလိတ်နားက ထမ်လွန် ဂူထဲမှာ ရက်ချီ ပိတ်မိနေတဲ့ သူတွေကို အပြင်ကယ်ထုတ်နိုင်ပြီမို့ ကယ်ဆယ်ရေး အစီအစဉ် အောင်မြင်စွာ အဆုံးသတ်သွားပြီလို့ ကယ်ဆယ်ရေးမှာ ကြီးကြပ် စီစဉ်ရတဲ့ ရေတပ် အရာရှိက ပြောကြားပါတယ်။

တောဝက် ၁၂ ကောင်နဲ့ နည်းပြကို ဂူပြင် ကယ်ထုတ်နိုင်ပါပြီ။ အားလုံး ဘေးကင်းစိတ်ချရပါပြီလို့ ရေတပ် လူမှုကွန်ယက် စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဂူထဲမှာ လူငယ်တွေနဲ့အတူ နေပေးခဲ့တဲ့ ဆရာဝန်အပါအဝင် ကယ်ဆယ်ရေး ရေငုပ်သမား ၄ ယောက် ပြန်ထွက်လာခဲ့ပါတယ်။

Image caption စောင့်ကြိုဖို့ ပြင်နေသူတွေ

လူငယ်တွေ အပြင်ထွက်လာလာချင်း ထိတ်လန့်တာတွေ မဖြစ်အောင် ဆေးပေးထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က အတည်ပြု ပြောကြားပါတယ်။

အိပ်ဆေးတိုက်တာ မဟုတ်ပေမယ့် စိတ်လှုပ်ရှားတာ သက်သာတဲ့ ဆေးတိုက်ထားတာလို့ ဝန်ကြီးချုပ် ပရာယွတ်က ဆိုပါတယ်။

ဒီဆေးကို သူရော တခြား စစ်သားတွေပါ သောက်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

အဲဒါသောက်ရင် စိတ်တည်ငြိမ်လာပြီး သေနတ်ပစ်ရင်လည်း တည့်တည့်မှန်အောင် ပစ်နိုင်လာတယ်လို့လည်း ရှင်းပြပါတယ်။

တနင်္ဂနွေနေ့က စပြီး လူငယ်တွေကို တရက် ၄ ယောက်စီ တယောက်ချင်း ဂူပြင်ကို ရေငုပ်ကျွမ်းကျင်သူတွေနဲ့အတူ ထုတ်ယူလာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးနေ့မှာတော့ ကျန်တဲ့ ဘောလုံးသမား ၄ ယောက်နဲ့ နည်းပြကို ကယ်တင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် RUNGROJ YONGRIT
Image caption သူနာပြုတွေ အသင့်ရှိ

ဆက်စပ် အကြောင်းအရာများ