ဗြိတိသျှ အစိုးရအပြောင်းအလဲနဲ့ ဥရောပက ခွဲရေး

ဓာတ်ပုံ မူပိုင် Jack Taylor
Image caption နိုင်ငံခြားရေး ဝန်ကြီးသစ် ဟန့်

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ထဲကနေ ဗြိတိန် နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ထရီဆာမေနဲ့ကြား သဘောထားကွဲလွဲတဲ့ အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်တွေ နုတ်ထွက် ခဲ့တဲ့ အတွက် သူတို့ နေရာတွေမှာ အစားထိုး ခန့်အပ် ခဲ့ရပါတယ်။

လူသစ်တွေ ပါဝင်လာတဲ့ အစိုးရအဖွဲ့သစ် တွေ့ဆုံ ခဲ့ပြီး ရှုပ်ထွေး ပြင်းထန်နေတဲ့ ဗြိတိန် နိုင်ငံရေးကို တတ်နိုင်သလောက် ထိန်းဖို့ ကြိုးစား နေပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး နုတ်ထွက်

ဝန်ကြီးချုပ်မေက ကျန်းမာရေး ဝန်ကြီး ဂျယ်ရမီဟန့် ကို လစ်လပ်သွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး နေရာ ပေးလိုက်ပြီး အစိုးရ အဖွဲ့ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ဂျရမီဟန့်ဟာ မူလတုန်းကတော့ အီးယူထဲ နေရေး ဝါဒီ အဖြစ်ကနေ နောက်ပိုင်း နုတ်ထွက်ရေး ဘက် ကူးပြောင်းလာသူ ဖြစ်ပါတယ်။

ညှိနှိုင်းရေးမှူး နေရာကိုရောက်လာသူကတော့ အိုးအိမ်ဝန်ကြီး ဒေါမနစ် ရပ် ဖြစ်ပြီး သူလည်း နုတ်ထွက်ရေးမူ အပေါ် ယုံကြည်သူ တစ်ယောက် ဖြစ်ပါတယ်။

အခု တပတ်လုံး အလုပ်များ နေလိမ့်မယ် ဆိုပြီး မစ္စစ် မေက လူမှုကွန်ယက်မှာ လွှင့်တင်ခဲ့ပြီးတော့ အစည်းအဝေးတွေ ဆက်တိုက် ခေါ်သွားမယ့် ပုံရှိပါတယ်။

ဓာတ်ပုံ မူပိုင် Stefan Rousseau
Image caption ခွဲရေး အိပ်မက် သေအံ့မူးမူး ဖြစ်နေရ

ဆက်တိုက်ထွက်ကြ

ဗြိတိန်ကို ကိုယ်စားပြုပြီး အီးယူနဲ့ကြား တာဝန်ယူ ဦးဆောင် ညှိနှိုင်းရတဲ့ ဒေးဗစ်ဒေးဗစ် ရာထူးကနေ နုတ်ထွက်သွားပြီး ဆက်တိုက် ဆိုသလို နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်လည်း နုတ်ထွက် ခဲ့ပါတယ်။

အီးယူရဲ့ ဩဇာ လွှမ်းမိုးမှု၊ ကုန်သွယ်ရေး စီးပွားရေးနဲ့ လူဝင်မှု ဆိုင်ရာ ကိစ္စရပ် အသီးသီးမှာ အီးယူရဲ့ မူဝါဒ ပိုင်း ထိန်းချုပ်မှုကနေ ဗြိတိန် လွတ်မြောက်ဖို့ ဆိုပြီး နုတ်ထွက်ရေးလမ်းကို လျှောက်လှမ်း နေကြတာကနေ ထရီဆာမေရဲ့ လမ်းစဉ် ပျော့ပြောင်း လွန်းတယ်၊ အီးယူလက်အောက်က တကယ်တမ်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ဆိုပြီး အမာခံ ဝါဒီတွေ အစိုးရ အဖွဲ့ထဲက ထွက်ကုန်ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေဟာ ဗြိတိန်ခွဲထွက်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဗြိတိန် အစိုးရတွင်းက ဘုံရပ်တည်မှု သဘောထား တရပ်ဆိုပြီး ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန် ခဲ့ပါတယ်။

ထရီဆာမေရဲ့ တောနယ် အပန်းဖြေ ချက်ကာစံအိမ် ကနေ ထွက်လာတဲ့ သဘောထား ဖြစ်လို့ ချက်ကာ သဘောတူမှုလို့ ခေါ်နေကြပါတယ်။

အဲဒီ ချက်ကာ သဘောထား အပေါ် လက်မခံနိုင်ကြတဲ့ သူတွေ ရာထူး နေရာတွေကို စွန့်ခဲ့ကြတာပါ။

မေရဲ့ လမ်းစဉ်ဟာ တဝက်တပျက် ခွဲရေးပဲ၊ မလိုအပ်ပဲ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု ကင်းလွန်းနေတယ်၊ ဒါ့ကြောင့် ခွဲရေး အိပ်မက် သေအံ့မူးမူး ဖြစ်နေရပြီလို့ ဘောရစ် ဂျွန်ဆင်ဟာ သူ့ရဲ့ နုတ်ထွက်စာထဲ ရေးသားထားပါတယ်။

အီးယူနဲ့ သဘောတူမှုတွေ အတိတကျ မရ သေးခင်မှာကို ထရီဆာမေက လိုက်လျောမှုတွေ ပေးလွန်းနေတယ် ဆိုပြီး ဒေးဗစ်ဒေးဗစ် ကလည်း ဝေဖန်ပြီး ခွဲခွာရေး အငယ်တန်း ဝန်ကြီး စတိဗ်ဘေကာ အပါအဝင် ဒီ အယူအဆ အပေါ် သဘောတူသူတချို့လည်း အစိုးရ ရာထူးတွေကနေ လိုက်လံ နုတ်ထွက် ခဲ့ကြပါတယ်။

ခွဲခွာရေး ဝန်ကြီး ဖြစ်ပေမယ့် ဝန်ကြီးချုပ် မေရဲ့ သဘောထား ထွက်လာတဲ့ အခါ သူ အံ့အားသင့်ရတယ်၊ သူလည်း ဘာမှ မသိရဘူးလို့ မစ္စတာ ဘေကာက ပြောပါတယ်။

တဘက်မှာလည်း မစ္စစ် မေ ရဲ့ လမ်းစဉ် အပေါ် ၁ဝဝ ရာခိုင်နှုန်း ထောက်ခံတယ်လို့ ပြောနေတဲ့ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီး မိုက်ကယ်ဂါ့ဗ်လို ဝန်ကြီးတွေလည်း ရှိနေပြန်တဲ့ အတွက် အစိုးရ အဖွဲ့အတွင်း ညီညွတ်ရေး ပြိုကွဲ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CHRIS J RATCLIFFE
Image caption အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကိုဘင်

ကိုဘင် အာဏာရနိုင်

အခုအချိန်မှာ မစ္စစ် မေ အဓိက အသားပေး တိုက်တွန်း နေတာကတော့ အာဏာရ ကွန်ဆာဗေးတစ် ပါတီတွင်း ညီညွတ်ရေး၊ အစိုးရ အဖွဲ့တွင်း ညီညွတ်ရေးပါ။

ညီညွတ်ရေး ပြိုကွဲရင်တော့ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီကိုဘင် အာဏာရ လာတဲ့အထိ ဖြစ်သွားမယ် ဆိုပြီး မစ္စစ်မေက သတိပေးပါတယ်။

အီးယူကနေ နုတ်ထွက်ဖို့ ၉ လတောင်မှ မလိုတော့တဲ့ အချိန်မှာ ဗြိတိန် ပြည်တွင်း နိုင်ငံရေး အခုလို မတည်မငြိမ် ဖြစ်လာတာပါ။

သဘောတူမှု ဘယ်လို ယူကြမလဲ ဆိုပြီး အီးယူနဲ့ ယူကေကြား ညှိနှိုင်း နေကြတာ တနှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ခွဲရေးအလွန် အနာဂတ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လာမယ့် အောက်တိုဘာထဲ သဘောတူမှု တရပ် ရဖို့ မျှော်လင့် ထားပါတယ်။

အခုတော့ ထရီဆာမေရဲ့ ကြေညာချက်ကို လက်မခံ ကြသူတွေ နုတ်ထွက်ကုန် တဲ့အတွက် ဆွေးနွေး ထားသမျှတွေ အရာမထင် ဖြစ်ကုန်မလား ဆိုပြီး အီးယူရဲ့ စိုးရိမ်မှုတွေ ပေါ်ထွက် ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ