NATO ဆွေးနွေးပွဲ ပူတင်နဲ့ဆွေးနွေးတာထက် ခက်မယ်လို့ ထရမ့်ပြော

ဓာတ်ပုံ မူပိုင် Reuters

မြောက်အတ္တလန်တစ် သဘောတူစာချုပ် အဖွဲ့အစည်းလို့ ခေါ်တဲ့ နေတိုး (NATO) ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်လာတဲ့ သမ္မတ ထရမ့်က ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံပွဲထက် ဒီထိပ်သီးဆွေးနွေးပွဲက ပိုခက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘရပ်ဆဲလ်ကို မလာခင် သတင်းထောက်တွေကိုပြောတဲ့ အထဲမှာ သမ္မတ ထရမ့်က သူ့မှာ NATO၊ ပြဿနာဝိုင်းနေတဲ့ ယူကေ၊ ရုရှား သမ္မတ ပူတင်တို့ ရှိနေရာမှာ မစ္စတာ ပူတင်နဲ့ ပြောဆို ဆက်ဆံရတာ အလွယ်ဆုံးနေမှာလို့ ပြောခဲ့ပါတယ်။

မစ္စတာ ထရမ့်ဟာ ရုရှား သမ္မတ ပူတင်နဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ တကယ်တော့ အမေရိကန်နဲ့ NATOအကြားမှာ မကျေလည်မှု တချို့ ရှိနေပါတယ်။

သမ္မတထရမ့်က NATOကို ထည့်ဝင်ပေးနေရတဲ့ အမေရိကန် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေဟာ NATOအဖွဲ့ဝင်တွေထဲမှာ အများဆုံး ဖြစ်နေတဲ့ အကြောင်း၊ ဒါကြောင့် ရုရှနဲ့ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး စရိတ်ထက်များနေတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ ရေးပါတယ်။

အခုလို ငွေကြေးတွေ ထည့်တာဟာ အမေရိကန် လုံခြုံရေး အတွက်ပါ အကျုံးဝင်ဖို့ မျှော်လင့်တယ်လို့လည်း ရေးသားပါတယ်။

ဥရောပ ကောင်စီ ဥက္ကဋ္ဌ Donald Tusk ကလည်း တကယ်တော့ အမေရိကန် ဟာ မဟာမိတ် နိုင်ငံရယ်လို့ များများစားစား ရှိတာလည်း မဟုတ်တဲ့ အတွက် NATOနဲ့ အတူ ရပ်တည်သင့်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုးဌာနချုပ်ဖွင့်ပွဲ

ဒါကိုလည်း သမ္မတထရမ့်က အမေရိကန်မှာ မဟာမိတ်တွေ အများကြီးရှိပေမယ့် အခွင့်အရေး မယူသလို ဥရောပရဲ့ အခွင့်အရေးယူတာကို ခံရတာပါလို့ မကျေနပ် တင်းတင်းမာမာ တုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကုန်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၁၅၁ ဘီလီယံ ဆုံးရှုံးတဲ့ အပြင် NATO အဖွဲ့ကို ၇၀ ရာခိုင်နှုန်း ပေးလိုက်ရတာကြောင့် ဥရောပက ပိုမြတ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဂျာမနီ နိုင်ငံဟာ ဥရောပမှာ စီးပွားရေး အတောင့်တင်းဆုံး နိုင်ငံ ဖြစ်ပေမယ့် NATOအဖွဲ့အတွက် ထည့်ဝင်ငွေမှာ တခြား ဥရောပနိုင်ငံတွေ ထက် အများကြီး နည်းနေ တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters

ဒါကြောင့်မို့ အခု ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ထရမ့် အနေနဲ့ ကာကွယ်ရေး အပိုင်းမှာ ဥရောပအနေနဲ့ ငွေကြေး ပိုမိုသုံးစွဲဖို့ တွန်းအားပေး ပြောဆိုဖွယ် ရှိနေပါတယ်။

ဒါ့အပြင် NATO အဖွဲ့ဝင် ဥရောပနိုင်ငံတွေအနေနဲ့ သူတို့တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ အသုံးဝင်မှု အပိုင်းမှာလည်း ထည့်ဝင်ငွေ များလာတာနဲ့ အမျှ ပိုအကျိုး သက်ရောက်မှု ရှိလာစေရေးကို အလေးအနက်ထား ပြောဆိုကြမှာ ဖြစ်ပါတယ်။

NATO အဖွဲ့ဝင်တွေအကြား အခုလို အချေအတင် ပြောဆိုမှုဟာ အဆန်းမဟုတ်ပေမယ့် ဒီတခါမှာ သမ္မတ ထရမ့်က ဗျူဟာ အသစ်နဲ့ ပညာပြဖွယ် ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption NATO အတွင်းရေးမှူးချုပ် Jens Stoltenbergနဲ့ သမ္မတထရမ့်

ဒီအကွက်ဟာ ငွေကြေး သက်သက်ကြောင့် မဟုတ်ပါဘဲ သူ့ရဲ့ ပင်ကိုယ် စရိုက်ကိုက ဩဇာ အာဏာရှိတဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောရတာကို မဟာမိတ်တွေနဲ့ ဆက်ဆံ ရတာထက် ပိုပြီး နှစ်လို သက်တောင့်သက်သာ ရှိပုံပြသလေ့ ရှိနေလို့လည်း ဖြစ်ပါတယ်။

NATO အတွင်းရေးမှူးချုပ် Jens Stoltenbergက အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပူးပေါင်း လုပ်ဖို့ အရေးကြီးကြောင်း ပြောပါတယ်။

ဗြိတိန် အီးယူကနေ နုတ်ထွက်သွားပြီးတဲ့နောက်မှာ NATOအဖွဲ့ရဲ့ ကာကွယ်ရေး စရိတ် ၈၀ ရာခိုင်နှုန်းဟာ မဟာမိတ်မဟုတ်တဲ့ နိုင်ငံတွေက ဝင်ဖို့ရှိနေ တာကြောင့် ဒီနိုင်ငံတွေကိုလည်း ပူးပေါင်းဖို့ လမ်းဖွင့်ထားရမှာလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ