ထောင်ထဲ ၂၂ နှစ်နေရသူကို ၁၃ နှစ်ထပ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၂ နှစ် ထောင်ထဲမှာ နေခဲ့သူ

တရုတ်နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ထင်ရှားသူ တယောက်ဖြစ်တဲ့ ချင်းယုံမင်းကို တရုတ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ၁၃ နှစ် ထပ်ချခဲ့ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ချင်းယုံမင်းဟာ ၂၂ နှစ် ထောင်ထဲမှာ နေခဲ့ပြီးဖြစ်ပါတယ်။ သူ တရားရုံးကို ပူးပေါင်းဆောင်ရွက်တာ မလုပ်ခဲ့ဘူး၊ တရားခွင် တလျှောက်လုံးမှာ နှုတ်ဆိတ်နေခဲ့တယ်လို့ သူ့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ လင်ချင်းလိုင်က ပြောပါတယ်။

အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တာကို တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ ပြည်သူ့တရားရုံးက အွန်လိုင်းကနေ အတည်ပြုထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ဒီမိုကရေစီကို ယုံကြည်ချက်ကြောင့် သူအခုလို တရားစွဲခံရတာပါလို့ တရုတ်လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးသူများ အဖွဲ့အစည်းက သုတေသနသမား ဖရန့်စ်အိဗ်က ပြောပါတယ်။

ချင်းယုံမင်းဟာ တရုတ်ဒီမိုကရေစီပါတီကို ပူးတွဲ တည်ထောင်သူ တဦးလည်းဖြစ်ပြီး ၁၉၉၈ မှာ ပါတီ တရားဝင် မှတ်ပုံတင်ဖို့ ကြိုးစား တဲ့အတွက် သူ ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

နိုဗဲဆုရှင်ကို ပြန်လွှတ်ဖို့ တရုတ်ကို ကန် တိုက်တွန်း

နိုဘယ် ငြိမ်းချမ်းရေးဆု လျူရှောင်ဘိုရရှိ

ဒီလို ထောင်ဒဏ်ကျမှတ်ခံရပြီး နောက်နှစ်မှာပဲ ချင်းယုံမင်းကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်း လျာထားခံရပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ချင်းဟာ အစိုးရရဲ့ မူဝါဒတွေကို ဆွေးနွေးဝေဖန်ခဲ့တဲ့အပြင် တရုတ်လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေကို ဦးဆောင်ခဲ့တဲ့အတွက် ထပ်ပြီး အဖမ်းခံခဲ့ရပါတယ်။

အသည်းရောဂါနဲ့ သေဆုံးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘိုရဲ့ ဇနီးကို တရုတ်ပြည်ကနေ ထွက်ခွာခွင့်ပေးပြီး နောက်နေ့မှာပဲ ချင်းယုံမင်းကို နောက်ထပ် ထောင်ဒဏ် ၁၃နှစ် ချလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ