ရွှံ့ရေတွေအောက် ကြိုးနဲ့သွယ် ရေငုပ် ဖြတ်သန်း

ဓာတ်ပုံ မူပိုင် HANDOUT
Image caption ဆေးရုံပေါ်က ကလေးငယ်တွေပုံကို ထုတ်ပြန်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ထမ့်လွန်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးအသင်း နည်းပြ တို့ အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပါပြီ။

ဒါပေမယ့် သူတို့ကို အသက်ရှင်ရက် ဂူပြင်ကို ထုတ်နိုင်ဖို့ ၃ ရက် အချိန်ယူခဲ့ရတဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေက အတော့်ကို ခက်ခဲခဲ့ပါတယ်။

ရေမကူးတတ်တဲ့ ကလေးတွေကို အမှောင်ထဲမှာ ရွှံ့ရေတွေနဲ့ ပြည့်နေတဲ့ ဂူလမ်းကြောင်းတွေတလျှောက် ကယ်ထုတ်ခဲ့ရတဲ့ လုပ်ငန်းစဉ်ဟာ အတွေ့အကြုံ ရှိပြီးသား ရေငုပ်သမားတွေအတွက်တောင် အတော့်ကို ခက်ခဲခဲ့တာပါ။

ထိုင်း လူငယ်တွေကို ဘယ်လို ကယ်တင်ခဲ့ရသလဲ

ရေစီးသန်တဲ့ ရွှံ့ရေတွေအောက် ကြိုးနဲ့သွယ် ရေငုပ် ဖြတ်သန်းခဲ့ရသလို အမြင့်ကို တွယ်တက် ၊ ရေပြင် မြေပြင် လမ်းလျှောက်ထွက်ခဲ့ရတာတွေလည်း လုပ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် PRD / HANDOUT HANDOUT
Image caption ၂ကီလိုလောက် ကျ

အခု ကလေး ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြ တို့ကို ချင်းရိုင်မြို့က ဆေးရုံမှာ ဆေးစစ် ကုသမှုတွေ လုပ်နေပါတယ်။

သူတို့တွေရဲ့ ကျန်းမာရေး အခြေအနေ ကောင်းတယ်။ ကိုယ်အလေးချိန်ကတော့ ၂ကီလိုလောက် ကျသွားတယ်လို့ ထိုင်း ကျန်းမာရေး တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ထိုင်းကျန်းမာရေး ဝန်ကြီး ဌာနက ဒေါက်တာ ထွန်ချိုင်း လာ့တ်ဝီလိုင်ရာတနာပေါန် က ကလေးတွေ ဆေးရုံကို ရောက်လာတုန်းက ရောဂါပိုး ကူးစက်ခံထားရလို့ သွေးဖြူဥတွေ အတော်လေး များနေခဲ့ပါတယ်၊ ဒါ့ကြောင့် ပဋိဇီဝဆေးတွေ တိုက်ကျွေးခဲ့ရပါတယ်လို့ ဆိုပါတယ်။

အခုတော့ ကာကွယ်ဆေးတွေ လျှော့ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် အဆုတ်နဲ့ ဆိုင်တဲ့ ကူးစက်ရောဂါပိုး ဝင်ထားတဲ့ ကလေးတွေကိုတော့ နောက်တပတ်လောက် အထိ ဆေးတွေ ဆက်ပေးနေမှာပါ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သူတို့တွေ အတူတစုတဝေးတည်း ဂူထဲမှာ နေခဲ့ကြတဲ့အတွက်လည်း ပါပါတယ်လို့လည်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ခက်ခဲ

တရားထိုင်နည်း သင်ပေး

သူတို့ရဲ့ ဘောလုံးအသင်း နည်းပြ အက်ကပိုလ် ချန်တဝေါန် ကလည်း ကလေးတွေကို တရားထိုင်နည်းတွေကို သင်ပေးခဲ့တယ်လို့ သိရပါတယ်။ နည်းပြ အက်ကပိုလ် ဟာ နည်းပြ မလုပ်ခင် ၁ဝ နှစ်ကြာလောက် သင်္ကန်းဝတ်ခဲ့သူပါ။ ဂူထဲမှာ ပိတ်မိနေတုန်းကလည်း ပါလာတဲ့ အစားအစာတွေကို ကလေးတွေကိုပဲ ကျွေးပြီး သူကိုယ်တိုင်က အငတ်နေခဲ့တဲ့အတွက် အားလုံးထဲမှာ အင်အား အချိနဲ့ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၃ ရက် ဂူထဲ ဝင်သွားချိန်ကစလို့ သူတို့ကို ရေငုပ်သမားတွေ ရှာမတွေ့ခင် ၉ ရက် ကြာလောက် ဂူအမိုးပေါ်က ကျလာတဲ့ မိုးရေစက်တွေကို သောက်ပြီး အသက်ရှင်သန်ခဲ့ကြတာပါ။

အခုအခါမှာတော့ တနင်္ဂနွေနေ့က ပထမဆုံး ကယ်ထုတ်ခဲ့တဲ့ ကလေး ၄ ယောက်က ပုံမှန် အစာတွေ စစားနေပြီ ဖြစ်ပြီး သူတို့ မိသားစုတွေ လာတွေ့ခဲ့ကြပြီးပါပြီ။

ဒုတိယ အသုတ် ကလေး ၄ ယောက်ကိုတော့ ဗုဒ္ဓဟူးနေ့မှာ သာမန် အစာတွေ စကျွေးမယ်။ မိသားစုနဲ့ တွေ့ခွင့် ပေးမယ်လို့ ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Handout
Image caption ရေထဲဖြတ်သယ်လာရ

ထမ့်လွန်ဂူထဲကနေ ကလေးတွေ အားလုံးကို အသက်ရှင်ရက် ကယ်ထုတ်နိုင်ပါ့မလား ဆိုတဲ့ မျှော်လင့်ချက်က အတော့်ကို နည်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မဖြစ်နိုင်ဘူးလို့ ယူဆထားတာကို သူတို့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ အကြီးအကဲ အာပကောန် ယူခွန်ခယူးက ဘီဘီစီကို ပြောပါတယ်။

သူတို့ကို ကယ်ထုတ်လာတုန်းက ဆေးတွေ ဘယ်လောက်တိုက်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ကလေးတွေကို မေ့ဆေးပေးခဲ့တယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး ဆိုပြီး ထိုင်းဝန်ကြီးချုပ်က ငြင်းဆိုသွားခဲ့ပါတယ်။ စစ်တပ်တွေထဲမှာ စစ်သားတွေကို ပေးလေ့ ရှိတဲ့ အပေါ့စား စိတ်ငြိမ်ဆေး တမျိုးပဲ ပေးခဲ့တာလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ