ကမ္ဘာ့ဖလားသွားတဲ့ ကင်ညာအမတ် ၂ဝကို လူတွေစိတ်ဆိုး

ဓာတ်ပုံ မူပိုင် Millicent Omanga
Image caption ကမ္ဘာ့ဖလားသွားကြည့်တဲ့ ကင်ညာအမတ်

ကင်ညာ နိုင်ငံမှာ အမတ် ၂ဝ ဟာ ကမ္ဘာ့ဖလားကို ပြည်သူတွေရဲ့ ငွေနဲ့ သွားကြည့်တယ် ဆိုတဲ့ သတင်းကြောင့် လူတွေ ဒေါသထွက်နေကြပါတယ်။

နောက်ဆုံး ဗိုလ်လုပွဲ အပါအဝင် ကစားပွဲ ၄ ပွဲ ကြည့်တာစတဲ့ ဒီအမတ်တွေရဲ့ နှစ်ပတ်ကြာ ရုရှား ခရီးစဉ်က ဒေါ်လာ သိန်းချီကုန်မှာ ဖြစ်ပါတယ်။

ဘောလုံးကွင်းထဲမှာ အမတ်တွေ ဆယ်လ်ဖီ ပုံရိုက်တင်တာကနေ လူတွေ ဒီအကြောင်း သိသွားတာ ဖြစ်ပါတယ်။

အမတ် ၆ ယောက်ကိုပဲ အစိုးရက သွားခွင့်ပေးတာလို့ ကင်ညာ အားကစားဝန်ကြီး Rashid Echesa က ဘီဘီစီကို ပြောပါတယ်။

ဒါကလည်း ဒီလို ပွဲကြီးလမ်းကြီးတွေကို ဘယ်လိုစီစဉ်သလဲ နားလည်အောင် လွှတ်တာလို့ ဆိုပါတယ်။

ကင်ညာဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဆင့်ထိ တခါမှ မရောက်ဖူးပါဘူး။ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဇယားမှာလည်း ၂ဝ၆ နိုင်ငံမှာ ၁၁၂ ချိတ်ပါတယ်။

ဒါပေမဲ့ နာမည်ကြီး ပြေးခုန်ပစ် အားကစားသမား အများအပြား မွေးထုတ်ပေးနေတဲ့ နိုင်ငံလည်း ဖြစ်လို့ ၂ဝ၂၃ ကမ္ဘာ့ ပြေးခုန်ပစ် ချန်ပီယံပွဲကို လက်ခံကျင်းပဖို့ လျှောက်လွှာတင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် MILLICENT OMANGA
Image caption လူမှုကွန်ယက်မှာ ပုံတွေ တင်

ကင်ညာ နိုင်ငံသား အများစုရဲ့ တလဝင်ငွေဟာ ဒေါ်လာ ၁၅ဝ သာ ရှိလို့ ဒီလို အမတ်တွေသွားတဲ့ ခရီးဟာ အဖြုန်းသက်သက်ဖြစ်တယ်လို့ပဲ နိုင်ငံသားတွေက ယူဆ နေကြပါတယ်။

ဒီအထဲ ရုရှားသွားတဲ့ အမျိုးသမီး လွှတ်တော်အမတ် တယောက်က လူမှုကွန်ယက်မှာ ပုံတွေ တင်လို့ လူတွေ ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီလိုခရီးစဉ်တွေကို တွက်ချက်ငွေထုတ်ပေးရတဲ့ လွှတ်တော်ကော်မရှင်က အကြီးအကဲ Jeremiah Nyegenye ကတော့ ဒီခရီးဟာ သွားရကျိုးနပ်တယ်လို့ ဆိုပါတယ်။

အပန်းဖြေခရီးသွားတာ မဟုတ်ဘူ၊ ဒါက နိုင်ငံတကာပွဲတွေ ဘယ်လိုကျင်းပသလဲ လေ့လာတာပါလို့ သူက သတင်းစာတစောင်ကို ဖြေကြားပါတယ်။

ဒါကို အပျော်သွားတယ်ထင်ရင် မှားမယ်လို့လည်း တုံ့ပြန်ခဲ့ပါတယ်။

ကင်ညာ ပါလီမန်အမတ်တွေဟာ လေယာဉ်ပထမတန်းက စီးလေ့ရှိတယ်လို့လည်း သိရပါတယ်။

ဒီလို အစိုးရ လွှတ်တဲ့ခရီးတွေသွားရင် အမတ်တွေ တရက်ကို ဒေါ်လာတထောင်လောက် သုံးခွင့်ရတာလည်း ဖြစ်ပါတယ်။

ကင်ညာအမတ်တွေဟာ ကမ္ဘာပေါ်မှာ လခအများဆုံး အမတ်တွေထဲ ပါပါတယ်။ ဒါပေမဲ့ မနှစ်က သူတို့လစာ ၁၅ ရာခိုင်နှုန်းဖြတ်ခံရလို့ တလ ဒေါ်လာ ၆၁ဝဝ ပဲ ရပါတော့တယ်။

နောက်ပြီး ခရီးစရိတ်နဲ့ လွှတ်တော်စရိတ်စတာတွေပါ အဖြတ်ခံရတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ