ကားနက်ပျံ လာပြီ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကားပျံအစမ်းပြ

လေယာဉ်မောင်း လိုင်စင်မလိုဘဲ မောင်းနိုင်တဲ့ ကားပျံကို ကယ်လီဖိုးနီးယားပြည်နယ်မှာ တီထွင်လိုက်ပါပြီ။

အနက်ပျံ ဆိုတဲ့ ကားက တနာရီကို ၂၅ မိုင်ထိ သွားနိုင်တယ်လို့ ဆိုပါတယ်။

အမြန်မောင်းတဲ့စပို့ကားတစီး ကုန်သလောက်ပဲ ဒီကားတွေက ကုန်ကျမယ်လို့ သူ့ကို ထွင်တဲ့သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကနဦး မော်ဒယ်တွေ ထွင်ရတာတော့ စျေးကြီးပါလိမ့်မယ်။

ဂူဂယ်ကို ပူးတွဲတည်ထောင်တဲ့ လယ်ရီ ပေ့ချ် က ထောက်ပံ့ပေးနေတဲ့ ကစ်တီဟော့ ကားပျံအုပ်စု ကလည်း လာ့စ်ဗေးဂတ်စ်မှာ လူသုံးယာဉ်ပျံတွေ စမ်းသပ်နေပါပြီ။

တခြား အပြိုင်အဆိုင် ကားပျံတွေလည်း ကမ္ဘာတလွှား ပေါ်ပေါက် လာနေပါတယ်။

ကားနက်ပျံရဲ့ ဖန်တီးသူက တော့ အိုပန်နာပါ။ သူ့ကို ကနေဒါမှာ စပြီး စမ်းသပ်ခဲ့ပါတယ်။

အဲဒီမှာလည်း သူ့ကို ပျံသန်း အသုံးချခွင့် အစိုးရက ခွင့်ပြုခဲ့ပါတယ်။

ကစ်တီဟော့လိုပဲ ကားနက်ပျံကလည်း လူစီး ဒရုန်းလို့ ဆိုရင် မမှားပါဘူး။ လမ်းမပေါ် မောင်းဖို့တော့ ဒီဇိုင်း ထုတ်ထားတာ မဟုတ်ပါဘူး။

ဒီကားမှာ လူတယောက်ပဲ စီးလို့ရပါတယ်။ တောင်ပံ နှစ်ဘက်ကို ဖြန့်ပြီး ပျံတဲ့ အင်ဂျင်နဲ့ပါ။

မြက်ခင်းပေါ်က ထပျံတာ၊ မြက်ပေါ်ဆင်းတာမျိုးကို သူက ကောင်းကောင်း လုပ်နိုင်တယ်လို့ အိုပန်နာက ပြောပါတယ်။

'လုံးဝထိန်းထားတယ်'

အနက်ပျံ ထပျံတာကို ကြည့်ရတာ အံ့သြစရာ ကောင်းတယ်လို့ အမေရိကန် စမ်းသပ်ပျံသန်းရေး အဖွဲ့က ဒါရိုက်တာ ဒါရန် ပလဲဆန့်က ပြောပါတယ်။ ဒါမျိုးတခါမှ မတွေ့ဖူးဘူးလို့ သူက ပြောပါတယ်။

လေယာဉ်မောင်း လိုင်စင် မလိုပေမယ့်လည်း သေချာမောင်းတတ်ဖို့ သင်တန်းတက်ရမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Opener
Image caption မြက်ခင်းထဲက ထပျံရင် အကောင်းဆုံး ပျံနိုင်တဲ့ အနက်ပျံ

အမေရိကန် ဖက်ဒရယ် ပျံသန်းရေး အဖွဲ့ စည်းမျဉ်းတွေနဲ့ ညီဖို့ မလိုရင်တောင် ကားနက်ပျံ ကို မောင်းတဲ့သူဟာ ပုဂ္ဂလိက လေယာဉ်မောင်း သင်တန်း ရေးဖြေ အောင်ဖို့ လိုပါတယ်။

နောက်ပြီး ကုမ္ပဏီက စီစဉ်ပေးတဲ့ သင်တန်းတွေလည်း တက်ရမှာပါတဲ့။

ယာဉ်ပျံရဲ့ မောင်းတဲ့စနစ်အရ သရီးဒီ သုံးဘက်မြင် အာကာသထဲမှာ ယာဉ်ကို လုံးဝ ထိန်းကျောင်းမောင်းနှင်လို့ ရမှာ ဖြစ်တယ်လို့ အိုပန်နာ အမှုဆောင် အရာရှိချုပ် မားကပ်စ် လန်းက ပြောပါတယ်။

ခလုတ်ကို လက်မနဲ့ ဖိလိုက်တာနဲ့ ထိန်းချုပ်ပြီးသား ဖြစ်နေပြီ၊ လေထဲမှာ ရပ်လိုက်ရင်လည်း ယာဉ်ပျံက တန့်နေလိမ့်မယ်လို့ ဆိုပါတယ်။

ကားနက်ပျံကို လူမပါဘဲ မောင်းလို့ရတယ်လို့လည်း မစ္စတာ လန်းက ပြောပါတယ်။

'တိုက်မိတာတွေ ဖြစ်နိုင်သလား'

သိပ္ပံဝတ္ထုတွေထဲကလို ကားပျံတွေ ထွင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲမှာ အိုပန်နာက နောက်ဆုံးမှ ဝင်လာတာ ဖြစ်ပါတယ်။ ဒရုန်းနည်းပညာ တိုးတက်မှုကြောင့်လည်း ကားပျံတွေ ပေါ်လာဖို့က ပိုပြီး နီးစပ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Kitty Hawk
Image caption ယာဉ်ကြောပိတ်တာ မဖြစ်စေရဘူးလို့ ကတိပေးတဲ့ ကစ်တီဟော့

ကားနက်ပျံနဲ့ ကစ်တီဟော့လိုပဲ အူဘာကလည်း ကားပျံစျေးကွက်ထဲ ဝင်ဖို့ ကြိုးစားနေပါတယ်။

ကယ်လီဖိုးနီးယားက ဟီလာ ပျံသန်းရေး ပြတိုက်ကတော့ ဒီလို ပျံဖို့ ကြံရင်း ပျက်ကုန်တဲ့ ကားတွေရဲ့ သင်္ချိုင်းတခုပါ။

ဓာတ်ပုံ မူပိုင် Opener
Image caption ကားတစီးလောက်ပဲ စရိတ်ကုန်မယ့် ယာဉ်ပျံတွေ

အကြံဉာဏ် အသစ်အဆန်းတွေကို လေကြောင်းပျံသန်းရေး အာဏာပိုင်တွေ ခွင့်ပြုသလောက် ဒီနောက်ဆုံးပေါ်ကားပျံကလည်း တိုးတက်မှုတွေ ပြနိုင်တယ်လို့ ယာဉ်ပျံ ပြတိုက် အကြီးအကဲ ဝီလီတားနားက ယူဆပါတယ်။

အခု ကျွန်တော်တို့မှာ နည်းပညာတွေ ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ စည်းကမ်း ကလနားတွေ က ဟိုဟာ ဒီဟာ မလုပ်ရ ဆိုပြီး နားမလည်ဘဲ ဝင်ပြောတာတွေ ရှိတယ် လို့လည်း ဆိုပါတယ်။

"ဒီယာဉ်ပျံတွေ ထတိုက်ကုန်မလား၊ ဖြစ်နိုင်တာပေါ့။ ကားတွေလည်း နေ့တိုင်း တိုက်နေတာပဲ။

"အခု ရှိနေတဲ့ ပို့ဆောင်ရေးထက် ပိုကောင်းလာမှာကတော့ အမှန်ပဲ " လို့လည်း ကြုံးဝါးသွားပါတယ်။

ဆက်စပ် အကြောင်းအရာများ