တရုတ်ဓာတုစက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၉ ဦးသေ

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် စီချွမ်ပြည်နယ်မှာ ဓာတုစက်ရုံမီးလောင်ပေါက်ကွဲလို့ လူ ၁၉ ဦးသေဆုံး

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် စက်မှုဇုန်အတွင်း ဓာတုစက်ရုံမှာ မီးလောင်ပေါက်ကွဲလို့ လူ ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၂ ဦး ရှိတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီပေါက်ကွဲမှုက Yibin Hengda နည်းပညာပိုင် ဓာတုစက်ရုံမှာ ပေါက်ကွဲခဲ့တာလို့ တရုတ်အာဏာပိုင်တွေရဲ့ ပြောဆိုမှုကိုကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေတဲ့ဓာတ်ပုံတွေအရ မီးအကြီးအကျယ်လောင်ပြီး စက်ရုံအဆောက်အအုံကနေ မီးခိုးလုံးတွေထွက်ပေါ်တာကို တွေ့ရပါတယ်။

Yibin Hengda နည်းပညာပိုင်စက်ရုံဟာ အစားအသောက်နဲ့ ဆေးဝါးတွေမှာသုံးတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်ရုံလို့ဆိုပါတယ်။

ဒေသဆိုင်ရာ မီဒီယာတွေဖော်ပြချက်အရ မီးလောင်ပေါက်ကွဲလို့ စက်ရုံရဲ့ ၃ ထပ် အဆောက်အအုံတစ်ခုလုံး ပြိုကျလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုက ဘာကြောင့်ဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

မီးလောင်မှုက ကြာသာပတေးနေ့ ညနေပိုင်းမှာဖြစ်ပွားခဲ့ပြီး သောကြာမနက်အစောပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရသူတွေကတော့ စိုးရိမ်စရာ အခြေအနေမရှိဘူးလို့လည်း အဲသတင်းမှာ ပါရှိပါတယ်။

ဒီမီးလောင်ပေါက်ကွဲမှုဟာ တရုတ်နိုင်ငံမှာ ဘေးအန္တရာယ်ကြီးမားတဲ့ ဓာတုစက်ရုံပေါက်ကွဲမှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း ဆင်ဟွာသတင်းဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ