၀တိုင်းရင်းသားနဲ့ နည်းပြ ထိုင်းနိုင်ငံသား ဖြစ်လာတော့မလား

ဓာတ်ပုံ မူပိုင် AFP- NAVY THAI
Image caption တောဝက်ဘောလုံးအသင်းသား

ထမ့်လွန်ဂူထဲမှာ နှစ်ပတ်ကျော် ပိတ်မိခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးအသင်းရဲ့ အကူနည်းပြဖြစ်တဲ့ မြန်မာနိုင်ငံက ရှမ်းလူမျိုး အေခ်ကဖိုး ချာသာဝုန်းကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမှတ်ပုံတင်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ အေခ်ကဖိုးဟာ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာနေတဲ့ အဖွားဖြစ်သူကို စောင့်ရှောက်ပြီး ထိုင်းနယ်စပ်မြို့ ဖြစ်တဲ့ မယ်ဆိုင်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာလည်း လူမှုရေးလုပ်ငန်းတွေ ကူညီ လုပ်ပေးနေသူပါ။ ဒါ့အပြင် တောဝက်ဘောလုံးအသင်းရဲ့ အကူနည်းပြလည်း လုပ်နေပါတယ်။

နည်းပြ အေခ်ကဖိုးနဲ့ ထိုင်းနိုင်ငံသား မဖြစ်သေးတဲ့ ၀ တိုင်းရင်းသား အိုက်လူး ခေါ် အိုက်ဒွန်းနဲ့ နောက်ထပ်အဖေါ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇဝင်ကို စီစစ်နေပြီး ထိုင်းဥပဒေလမ်းကြောင်းအရ ဘယ်လိုဆောင်ရွက်လို့ ရမလဲဆိုတာ ထိုင်းအာဏာပိုင်တွေက ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Sanook က ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီး ရေးသားထားပါတယ်။ သူတို့တွေဟာ ထိုင်းမှာမွေးတာလား၊ သူတို့မိဘ သို့မဟုတ် မိသားစုဝင်တွေထဲက ထိုင်းနိုင်ငံသား ဖြစ်မဖြစ်ဆိုတာလည်း စိစစ်နေတယ်လို့ ရေးပါတယ်။

အေခ်ကဖိုးဟာ ထိုင်းနိုင်ငံမှာ နိုင်ငံသားမဲ့အဖြစ် နေထိုင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။

၀ တိုင်းရင်းသား အိုက်လူးကလည်း မယ်ဆိုင်မြို့မှာ တောင်ပေါ်တိုင်းရင်းသားလက်မှတ်နဲ့ပဲ နေထိုင်ပြီး ထိုင်းနိုင်ငံသားဖြစ်ရေးကို ကြိုးစားနေတဲ့ကာလဖြစ်တယ်လို့ သူ့အုပ်ထိန်းသူ ဆရာဂိုရှင်းမောင် က ပြောပါတယ်။

လူမှုရေး စိတ်ရှိတဲ့ နည်းပြ

၁၈ ရက်ကြာ ကလေးတွေကို ဂူထဲမှာ အသက်မသေအောင် စောင့်ရှောက်ခဲ့တဲ့ အကူနည်းပြ အေခ်ကဖိုးဟာ မယ်ဆိုင်မြို့တောင်ကုန်းပေါ်က ဘုန်းကြီးကျောင်းကို မကြာခဏလာပြီး ပရဟိတအလုပ်၊ အလှူပွဲနဲ့ ဘုန်းကြီးကျောင်း သန့်ရှင်းရေးတွေ အမြဲတမ်းလိုလို ဝိုင်းကူတယ်လို့ ကျောင်းထိုင်ဘုန်းကြီးဖြစ်တဲ့ ဆရာတော် ဖရာခရူ ပရာယု ချဲတီယာနူကာက ဘီဘီစီကို ပြောပါတယ်။ သူ့ကို အများက နည်းပြအေခ် လို့ ခေါ်ကြ ပါတယ်။

မယ်ဆိုင်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးက နည်းပြ အေခ်ဟာ မနက်ဆိုရင် တာချီလိတ်မှာနေတဲ့ သူ့အဖွားကို ပြုစုတယ်။ သူ့အဖွားကို ထမင်းဟင်းတွေချက် ပေးပြီးရင် ဘုန်းကြီးကျောင်းကိုလာပြီး တရားလာထိုင်တဲ့ လူတွေ၊ အလှူပွဲလာတဲ့ လူတွေကို ကြိုဆိုတယ်၊ စောင့်ရှောက်တယ်လို့ ဘုန်းကြီးက မိန့်ပါတယ်။

မယ်ဆိုင်မြို့က ဝပ်ဖန်သာဒွဲဝါ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကတော့ နည်းပြအေခ်ကို သူ့ကျောင်းရဲ့ မိသားစုဝင်တဦးလို သဘောထားပါတယ်။

နည်းပြ အေခ်က ကလေးတွေကို ဂူထဲမှာ အသက်ရှင်အောင် လုပ်ဆောင်တဲ့နေရာမှာ ကလေးတွေ မကြောက်ဖို့၊ မငိုဖို့ နှစ်သိမ့်တာတွေလုပ်ခဲ့လိမ့်မယ်၊ စိတ်တည်ငြိမ်အောင် လုပ်ပေးလိမ့်မယ်လို့ ဘုန်းကြီးက မိန့်ပါတယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်တာ၊ ဘုရားရှိခိုးတာတွေ လုပ်ခိုင်းတာတွေ ဖြစ်နိုင်တယ်လို့ ထိုင်းကယ်ဆယ်ရေး အထူးရေတပ် တပ်ဖွဲ့ကလည်း ယုံကြည်ပါတယ်။

"သူ့ကို ဒီဘုန်းကြီးကျောင်းမှာ စိတ်တည်ငြိမ်အောင် လေ့ကျင့်ပေးတယ်။ တရားထိုင်တယ်။ ဒါမကျင့်တဲ့သူဆိုရင် သူများလာကယ်တာကို ထိုင်စောင့်ပြီး ငိုနေလိမ့်မယ်။ ပိုငိုရင် ပိုပြီးအားကုန်တယ်။ နည်းပြ အေခ်က ဘယ်သူမှ မကြားအောင် စိတ်ထဲမှာ ငိုလိမ့်မယ်။ ဒါပေမယ့် ကလေး ၁၂ ယောက်ကို ကာကွယ်စောင့်ရှောက်ဖို့ အင်အားဖြစ်လာစေတယ်" လို့ ဆရာတော်က မိန့်ပါတယ်။

နည်းပြ အေခ်ဟာ ဘောလုံးနည်းပြ မဖြစ်ခင်မှာ ထိုင်းနိုင်ငံ လားဖူးမြို့က ဘုန်းကြီးကျောင်းတကျောင်းမှာ ရှစ်နှစ်လောက် ကိုရင်ဝတ်ပြီး ပညာသင်ခဲ့ဖူးပါတယ်။

ကလေးတွေကို ဦးစားပေးခဲ့

ကလေးတွေကို အသက်ရှင်အောင် ထားနိုင်တာဟာ နည်းပြ အေခ်ရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်နဲ့ ကလေးတွေအပေါ်ထားတဲ့ စေတနာတွေကြောင့် ဖြစ်တယ်လို့ ဂူထဲမှာပိတ်မိခဲ့တဲ့ ဝလူမျိုး အိုက်လူးရဲ့ အုပ်ထိန်းသူ သင်းအုပ်ဆရာ ဂိုရှင်းမောင်က ဘီဘီစီကို ပြောပါတယ်။

နည်းပြ အေခ်ဟာ စားစရာတချို့ ဝယ်သွားတယ်။ အထဲမှာ ပိတ်မိသွားချိန် ဘယ်နှစ်ရက်လောက် နေရမလဲဆိုတာ မသိတော့ သူကိုယ်တိုင်မစားဘဲ ကလေးတွေကို အရင်စားခိုင်းတာကို သိရတယ်လို့ သင်းအုပ်ဆရာ ဂိုရှင်းမောင်က ပြောပါတယ်။

ဇွန်လ ၂၃ ရက်နေ့ ထိုင်းဘောလုံးအသင်းသားတွေ ပျောက်တုန်းကတော့ နည်းပြ အေခ်မှာ တာဝန်ရှိတယ်လို့ ဝေဖန်တာတွေရှိပါတယ်။ ကလေးတွေကို ဂူထဲကိုခေါ်သွားတဲ့အတွက် သူ့မှာတာဝန်ရှိတယ်လို့ ပြောကြတယ်။

ဒါပေမယ့် ဇူလိုင် ၂ ရက်နေ့ ရေငုပ်သမားတွေက ကလေးတွေကို ရှာတွေ့တဲ့အခါမှာ နည်းပြရဲ့ ကာကွယ်စောင့်ရှောက်မှုကို ချီးကျူးခဲ့ပြီး ကလေးတွေကို ဘယ်လိုအသက်ရှင်အောင် စောင့်ရှောက်ခဲ့ လဲ ဆိုတာကို အများက သိချင်ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ နည်းပြ အေခ်ကို နောက်ဆုံးအသုတ်မှာ ကယ်ထုတ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ