ရောက်တဲ့နေရာ ပွဲဆူတဲ့ထရမ့်နဲ့ လန်ဒန်ခရီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်နယ်ထရမ့် ရုပ်ပြောင်ပုံတွေနဲ့ ဆန္ဒပြသူတွေ

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗြိတိန်ခရီးစဉ်မှာ အငြင်းပွားဖွယ်စကားတွေကို ပြောခဲ့ပါတယ်။

သမ္မတထရမ့် လန်ဒန်ရောက်ပြီးနောက် သဆန်းသတင်းစာနဲ့ အင်တာဗျူးပေးခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ ဝန်ကြီးချုပ် ထရီစာမေဟာ ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သူပြောတဲ့ စကားကို နားမထောင်ဘူးလို့ ဆိုပါတယ်။ ဥရောပနဲ့ နီးနီးကပ်ကပ် ဆက်လက်နေထိုင်ဆက်သွယ်ရေးမူဝါဒဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို သတ်သလို ဖြစ်လိမ့်မယ်လို့ သူက ဝန်ကြီးချုပ် ထရီဇာမေကို သတိပေးခဲ့တယ်လို့ သူ့အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုပါတယ်။

ဒါ့အပြင် မကြာခင်က နိုင်ငံခြားရေးဝန်ကြီးနေရာက အနားယူသွားတဲ့ ဘောရစ် ဂျွန်ဆင်ဟာ ဝန်ကြီးချုပ်နေရာနဲ့ ထိုက်တန်သူဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ကြသူတွေ တော်တော်များများ ထွက်ပေါ်လာကြပါတယ်။ ဒါပေမယ့် ဗြိတိန် ဥရောပသမဂ္ဂကနေ ထွက်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံကြသူ တချို့လည်း ရှိပါတယ်။ လန်ဒန်ရဲ့ အချက်အချာ နေရာတချို့မှာ လူအများအပြား ဆန္ဒပြနေကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ဒေါ်နယ်ထရမ့် ရုပ်ပြောင်ပုံ လုပ်ထားတဲ့ အိမ်တလုံးစာလောက်ရှိ ဧရာမ မိုးပျံပူဖောင်းကြီးလည်း လွှင့်တင် ထားပါတယ်။ ဒေါ်နယ်ထရမ့်ရုပ်ပြောင်ပုံဟာ နို့စို့ကလေး အရွယ် အနှီးဘောင်းဘီ ဝတ်ထားပြီး ငိုနေတဲ့ ရုပ်ပြောင်ပုံဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Kirsty O'Connor
Image caption နို့စို့ကလေး အရွယ် အနှီးဘောင်းဘီ ဝတ်ထားပြီး ငိုနေတဲ့ ရုပ်ပြောင်

ဗြိတိန်မှာနေထိုင်တဲ့ အမေရိကန်စာရေးဆရာ ဘွန်နီ ဂရီးယားကတော့ ဘောရစ် ဂျွန်ဆင်နဲ့ ပတ်သက်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားဟာ ကြားနေကျစကားမျိုး မဟုတ်တဲ့အပြင် ရှက်စရာကောင်းတဲ့ စကားလည်း ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ဒါမျိုးဟာ အမေရိကန်သမ္မတပဲဖြစ်ဖြစ် ဘယ်နိုင်ငံခြားသားတယောက်ကမှာ သူများနိုင်ငံနဲ့ ပတ်သက်ပြီး သွားပြောရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ ဟိုးအရင်တုန်းကတော့ အဲသလိုမျိုး စွက်ဖက်ပြောဆိုဖူးတဲ့ သံတမန်တချို့ ရှိခဲ့ဖူးပါတယ်။ တကယ်တော့ သူ့အနေနဲ့ ဟိုလူက ဝန်ကြီးချုပ်ဖြစ်သင့်တယ်၊ ဒီလူက မဖြစ်သင့်ဘူး စသဖြင့် အဲသလို ပြောဆိုနိုင်တဲ့ အခွင့်အရေးလည်း မရှိသလို သူ့အလုပ်လည်း မဟုတ်ဘူးလို့ပြောသွားတာဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ဟာ အရင်က သူနဲ့ ပြဿနာတက်ခဲ့ဖူးတဲ့ လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းကိုလည်း အခုနောက်တခါထပ်ပြီး ဝေဖန်လိုက်ပြန်ပါတယ်။ လန်ဒန်မှာ အကြမ်းဖက်သမားတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆာဒစ်ခန်း လုပ်ပုံကိုင်ပုံတွေဟာ သိပ်ညံ့ဖျင်းတယ်လို့ သူကပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်း လန်ဒန်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ဖူးတာနဲ့ ပတ်သက်ပြီး အခုလို ဝေဖန်ပြောကြားတာ ဖြစ်ပါတယ်။ ဆာဒစ်ခန်းကတော့ လန်ဒန်အပြင် မန်ချက်စတာမှာလည်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့သလို တခြားဥရောပက ဂျာမနီ၊ ပြင်သစ် နိုင်ငံက မြို့ကြီးတွေမှာလည်း ဖြစ်ခဲ့တာပဲ။ ဘာလို့ သူ့ကိုမှရွေးပြီး အခုလိုပြောတယ်ဆိုတာ နားမလည်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ မြို့တော်ဝန် ဆာဒစ်ခန်းဟာ အိန္ဒိယနွယ်ဖွား တယောက်ဖြစ်ပါတယ်။ ဒါကို ခွဲခြားပြောဆိုတယ်ဆိုပြီး အရင် က သမ္မတထရမ့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Jack Taylor
Image caption ကျေးလက်စံအိမ်မှာ လက်ခံတွေ့ဆုံ

ထရီစာမေနဲ့တွေ့

ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေကတော့ သမ္မတထရမ့်ကို ဗြိတိသျှ ဝန်ကြီးချုပ်အဆက်ဆက်ရဲ့ တရားဝင် ကျေးလက်စံအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အဲဒီဝန်ကြီးချုပ် ကျေးလက်စံအိမ်ဟာ လန်ဒန်ကနေ မိုင်လေးဆယ်လောက် အကွာမှာ ရှိပါတယ်။

အခု ဝန်ကြီးချုပ် ထရီစာမေနဲ့ တွေ့ဆုံရာမှာတော့ ကုန်သွယ်ရေး အကြောင်း၊ စစ်ရေး အကြောင်းတွေ ပြောမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ပတ်သက်ပြီး အမေရိကန် ဗြိတိန် ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည် သုံးသပ်ကြည့်တဲ့အခါ အောင်မြင်မှုတွေ ရခဲ့တာတွေ့ရပြီး နှစ်နိုင်ငံဆက်ဆံရေး သိပ်ခိုင်မာ အားကောင်း တာကိုလည်း တွေ့ရပါတယ်လို့ ပြောပါတယ်။

သမ္မတထရမ့်ရဲ့ အခုခရီးစဉ်အတွင်းပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆူဆူညံညံဝေဖန်သံတွေ အငြင်းပွားတာတွေရှိပေမယ့် ဗြိတိသျှ အစိုးရကတော့ သမ္မတထရမ့်ဟာ ရိုင်းစိုင်းတယ်လို့ မထင်ပါဘူးလို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးရုံး အငယ်တန်း ဝန်ကြီး ဆာအလန်ဒန်ကန်ကပြောပါတယ်။ သမ္မတထရမ့်ရောက်တဲ့နေရာမှာ ပွဲဆူတတ်တာထုံးစံပါပဲ။ ဒါဟာ သူ့စတိုင်ပါလို့ ဆိုပါတယ်။