ပါကစ္စတန် က မဲဆွယ်ပွဲမှာ ဗုံးခွဲတိုက်ခိုက်လို့ လူပေါင်း တရာကျော် သေဆုံး

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၄ မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုပြီးနောက်ပိုင်း လူ သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်

လာမယ့် ဇူလိုင် လကျလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပါကစ္စတန် အနောက်တောင်ပိုင်း က မက်စတန်ဆိုတဲ့ မြို့မှာ မဲဆွယ်စည်းရုံးရေး လူထု စုဝေးပွဲ လုပ်နေစဉ် အသေခံ ဗုံးခွဲသမား က ဗုံးခွဲချလိုက်လို့ အနည်းဆုံး လူပေါင်း ၁၂၈ ယောက် သေဆုံးခဲ့ရပြီး နောက်ထပ် လူပေါင်း ၁၅၀ ကျော် လည်း ဒဏ်ရာရရှိသွားပါတယ်။

အိုင်အက်စ အဖွဲ့ က အဲဒါသူတို့လက်ချက်လို့ ကြေညာထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုမျိုး ဖြစ်လာမယ်လို့ အများက မမျှော်လင့်ထားကြပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အာဖဂန်နဲ့ နယ်စပ်ပိုင်း အနောက်ဖက် ဒေသတွေမှာ စစ်သွေးကြွတွေ မရှိတော့ဘူးလို့ ပါကစ္စတန် စစ်တပ် က ကြေညာထားလို့ပါ။

အရင်ကတော့ အဲဒီဒေသတွေမှာ တာလီဘန်တွေ လွှမ်းမိုးထားခဲ့ပါတယ်။

၂၀၁၃ ရွေးကောက်ပွဲတုံး က နိုင်ငံရေးမှာ ဘာသာရေး ကို မရောယှက်စေရေး အတွက် လှုံ့ဆော်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ ကို စစ်သွေးကြွတွေ က တိုက်ခိုက်မယ် လို့ခြိမ်းခြောက်ခဲ့တဲ့အတွက် အဲဒီ ပါတီတွေ တက်ကြွစွာ မဲမဆွယ် နိုင်ခဲ့ကြပါဘူး။

အခုလည်းအဲဒီ ပါတီ တွေကိုပဲ အကြမ်းဖက်သမားတွေ က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption မဲဆွယ်လူထုစုဝေးပွဲအတွင်း တိုက်ခိုက်တာဖြစ်

အခုတိုက်ခိုက်မှုမှာ သေဆုံးရတဲ့ သူတွေ အထဲ ဘလူချီစတန် ခရိုင်လွှတ်တော် အမတ် တယောက်အဖြစ် အရွေးချယ်ခံမယ့် အမတ်လောင်း ဆာရစ်ချ ရိုင်ဆန်နီ လည်း ပါဝင်ပါတယ်။

သူ့ပါတီ က ဘလူချီစတန် အဝါမီ ပါတီ ပါ။

အသေအပျောက် အများဆုံး တိုက်ခိုက်မှုတွေထဲ ၂၀၁၄ တုံး ကဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု နောက်ပိုင်း အခု တိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေ အများဆုံးပါ။

ပါကစ္စတန် ရွေးကောက်ပွဲ ဘယ်သူ အနိုင်ရမလဲ

အကြမ်းဖက်မှုတွေကို အမြစ်ဖြတ်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ် ကတိပြု

သောကြာနေ့ က ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှု ဖြစ်ပြီးနောက် နာရီပိုင်းမှာ ဖြစ်ခဲ့တဲ့ အခြား နိုင်ငံရေး ဖြစ်ရပ်ကတော့ အရင် ဝန်ကြီးချုပ်ဟောင်း နာဝါ့ဇ် ရှာရစ်ဖ် ဟာ သူ့ကို အဂတိလိုက်စားမှု နဲ့ စွဲချက်တင်ထားတဲ့ ကိစ္စ နဲ့ ပတ်သက်လို့ သူ က ဗြိတိန် ကနေ ပြန်လာပြီး အဖမ်းခံတာပါ။

လာဟိုး လေဆိပ် က နေ သူဆင်းလာမှာမို့ အစိုးရ က တမြို့လုံး ကို လုံခြုံရေးတပ်ဖွဲ့ ဝင် ထောင်ချီသုံး က ပိတ်ချထားပြီး သူ့ကို ကြိုဆိုကြမယ့် သူတွေ ကို တားထားခဲ့ပါတယ်။

မြို့ကိုဝင်မယ့် အဝေးပြေးလမ်းမ ထိပ်မှာ မစ္စတာ ရှာရစ်ဖ် ကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား တွန်းထိုး တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါသေးတယ်။

မစ္စတာ ရှာရစ်ဖ် ကို လာဟိုး လေဆိပ်ဆင်းလာကတည်း က အာဏာပိုင်တွေ က ဖမ်းခဲ့ပြီး မြို့တော် အစ္စလာမ်မာဘတ်စ ကို ခေါ်သွားမယ့် အထူးလေယာဉ်ပေါ်ကို ပြောင်းတင် ပေးခဲ့ပါတယ်။

မစ္စတာ ရှာရစ်ဖ် က သူ ဗြိတိန် က ပြန်လာတဲ့ လေယာဉ်ပေါ်မှာ ရှိစဉ် အသံသွင်းထားတဲ့ သူ့ဗီဒီယို မက်ဆေ့ချ မှာတော့ ပါကစ္စတန် ဟာ လမ်းဆုံလမ်းခွတခုကို ရောက်နေပြီ၊ သူ့အစွမ်းရှိသမျှလုပ်ခဲ့တယ်၊ သူ ၁၀ နှစ်ထောင်ချခံရမှာလည်း သိတယ်၊ ပါကစ္စတန်ပြည်သူတွေ သိစေချင်တာ က ဒါဟာ ခင်ဗျားတို့ ပြည်သူတွေ အတွက် ကျနော်လုပ်တာဖြစ်တယ်လို့ ဆိုသွားပြီး နိုင်ငံ အနာဂတ်အတွက်အခုလို သူလုပ်တာ ဖြစ်သလို ပြည်သူတွေ အနေနဲ့ သူနဲ့အတူ တိုင်းပြည်အနာဂတ် အတွက် လက်တွဲပါဝင်ကြဖို့လည်း သူ ကတောင်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် သက်တမ်း ၃ ကြိမ်တာဝန်ယူခဲ့ဖူးတဲ့ မစ္စတာ ရှာရစ်ဖ် ဟာ ပြီးခဲ့တဲ့ နှစ်က အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုတွေ ကို ရင်ဆိုင်ခဲ့ရတာပါ။

နောက်ပိုင်းမှာတော့ သူ ဟာ ပြည်ပ မှ နေထိုင်ခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ သူ့ သမီးဖြစ်သူ မာရမ် လည်း သူနဲ့အတူ ပြန်လိုက်ပါခဲ့ပါတယ်။

ပါကစ္စတန်မှာ နိုင်ငံရေးတင်းမာမှုတွေ ဖြစ်နေပြီး လာမယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၃သိန်း ၇သောင်းကျော်ကို နေရာချထား နေရ ပါတယ်။

ဆက်စပ် အကြောင်းအရာများ