Brexit အဆင်မပြေရင် အီးယူကို တရားစွဲဖို့ ထရမ့် အကြံပေး

ဓာတ်ပုံ မူပိုင် AFP
Image caption ထရမ့်နဲ့ မေတို့ တွေ့ဆုံစဉ် အီးယူကို တရားစွဲဖို့ ပြောခဲ့

အီးယူထဲက ဗြိတိန် ခွဲထွက်ရေး ကိစ္စမှာ ညှိနှိုင်းနေမယ့် အစား အီးယူကို တရားစွဲဖို့ အမေရိကန် သမ္မတထရမ်က ပြောကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီစာမေက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြန်ပြောပြခဲ့ပါတယ်။

ယူကေမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ရောက်နေတဲ့ အမေရိကန် သမ္မထရမ့်ဟာ ဗြိတိန် ဝန်ကြီးချုပ် ထရီစာမေနဲ့ သောကြာနေ့က တွေ့ဆုံရာမှာ အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် အီးယူက ခွဲထွက်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကနေ ရှောင်ထွက်မသွားဘဲ ပြီးပြတ်အောင် လုပ်ပါ၊ ဒါမှသာဗြိတိန်အတွက် အကောင်းဆုံး သဘောတူညီမှုတွေ ရမှာပါလို့ ပြောသွားကြောင်းလည်း မစ္စက်မေက ဆိုပါတယ်။

တကယ်တော့ မစ္စတာ ထရမ့်ဟာ ယူကေက နာမယ်ကြီး the Sun သတင်းစာနဲ့ အင်တာဗျူးမှာတော့ မစ္စက်မေရဲ့ ဗြိတိန် အီးယူက ခွဲထွက်ရေး အဆိုပြုချက်တွေဟာ ဗြိတိန်နဲ့ အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်ကို ပျက်ပြားကောင်း ပျက်ပြားစေနိုင်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အီးယူနဲ့ယူကေ ထရမ့် ဘယ်သူ့ကို ရွေးမလဲ

ဒါပေမယ့် အဲဒီ အင်တာဗျူးလုပ်ပြီး နောက်နာရီပိုင်းမှာအကြာမှာ သမ္မတထရမ့် ပြောလာပြန်တာက ယူအက်စ် ယူကေ ကုန်သွယ်ရေး သဘောတူညီချက်က လုံး၀ကို ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

အခုလို အငြင်းပွားစရာ ပြောဆိုချက်တွေ ထွက်ပေါ်လာချိန်မှာ တဖက်မှာလည်း မစ္စတာ ထရမ့် ယူကေကို စရောက်တဲ့ နေ့ကတည်းက လန်ဒန်မြို့လယ်မှာ သိန်းနဲ့ချီတဲ့လူတွေ ပါ၀င်ကာ အကြီးအကျယ် ဆန္ဒပြခဲ့ကြသလို သူ့ကိုယ်ပိုင် အပန်းဖြေစခန်းတွေ ရှိရာ စကော့တလန်မှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇူလိုင် ၁၆ရက် ဟယ်လ်စင်းကီးမှာ ဆုံကြမယ့် ပူတင်နဲ့ ထရမ့်

သူ့ရဲ့ ပေါ်လစီတွေနဲ့ပတ်သက်လို့ ဒီလို ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန် သမ္မတ ထရမ့်ဟာ ရုရှား သမ္မတ ဗလာဒီမြာ ပူတင်နဲ့ နက်ဖြန် တနင်္လာနေ့မှာ ဖင်လန် နိုင်ငံ ဟယ်လ်စင်းကီးမြို့မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

NATO ဆွေးနွေးပွဲ ပူတင်နဲ့ဆွေးနွေးတာထက် ခက်မယ်လို့ ထရမ့်ပြော

အဲလို အချိန်မှာ အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အတွင်း ဒီမိုကရက်ပါတီရဲ့ ကွန်ပြူတာတွေထဲ ခိုး၀င် Hack လုပ်ခဲ့တယ် ဆိုပြီး ရုရှား ထောက်လှမ်းရေး အရာရှိတွေကို တရားစွဲဆိုဖို့ အမေရိကန် ထိပ်တန်း တရားသူကြီးအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ် ။

ရုရှားဖက်ကတော့ ဒါတွေကို ငြင်းဆိုထားပါတယ်။

ခုချိန်ထိတော့ နှစ်နိုင်ငံ တဖက်နဲ့ တဖက် တရားခံ လွှဲပြောင်း မှုတွေတော့ မရှိသေးပေမယ့် ဒီလို အခြေအနေမှာ အမေရိကန်နဲ့ ရုရှား သမ္မတ နှစ်ယောက်တို့ နက်ဖြန် ဇူလိုင် ၁၆ရက်နေ့မှာ တွေ့ကြမှာ ဖြစ်ပါတယ်။

ရုရှားတို့ဖက်က ဒီမိုကရက်ပါတီ အရာရှိတွေရဲ့ ကွန်ပြူတာကို ဟတ်ခ်လုပ်ခဲ့တာနဲ့ ပတ်သက်လို့ ဒါဟာ အရင်သမ္မတ အိုဘားမား လက်ထက်က ဖြစ်ခဲ့တာပါ ၊ ဟတ်ခ် အလုပ်ခံရသူတွေဟာ သူတို့ကွန်ပြူတာတွေကို ကောင်းကောင်း ကာကွယ်မထားတာ ဖြစ်တဲ့ အတွက် သူတို့အပြစ်သာဖြစ်တယ်လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

ဒီကြားထဲမှာ သမ္မတ ထရမ့်နဲ့ ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဖို့ ကိစ္စကို ဖျက်သိမ်းဖို့ အမေရိကန်မှာ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန် ဒု တရားသူကြီးချုပ် Rod Rosenstein က သမ္မတ ထရမ့်အနေနဲ့ အခုလို အချိန်မှာ ရုရှားသမ္မတနဲ့ မတွေ့သင့်ဘူးလို့ ဆိုနေသလို ဒီမိုကရက်ပါတီ ဥက္ကဌ Tom Perez နဲ့ ဆီနိတ်တာ မက်ကိန်း တို့ကလည်း သမ္မတ နှစ်ယောက် တွေ့ဆုံမှုကို ဖျက်သိမ်းပေး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ၊ တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုကနေ အကျိုးဖြစ်ထွန်းစေခဲ့သလိုမျိုး အခုလည်း သူနဲ့ မစ္စတာ ပူတင် တွေ့ဆုံမှုကနေ အခြေအနေကောင်းတွေ ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ မစ္စတာ ထရမ့်က CBS ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။