ရုရှားနဲ့ ဆက်ဆံရေးတိုးဖို့ ထရမ့်မျှော်လင့်

Image caption ရုရှားနဲ့ အဆင်ပြေရင် ကောင်းတယ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ဖင်လန်နိုင်ငံမြို့တော် ဟယ်လ်ဆင်ကီးမှာ တွေ့ဆုံနေပါတယ်။

ဒါဟာ ၈ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်-ရုရှား ထိပ်သီးဆွေးနွေးပွဲ ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ မစခင်လေးမှာတင် သမ္မတနှစ်ယောက် သတင်းထောက်တွေကို စကား ပြောခဲ့တာမှာ ခက်ခဲတဲ့ အကြောင်းချင်းရာ ကိစ္စတွေအပေါ် ထရမ့်နဲ့ အခုလို တွေ့ဆုံဆွေးနွေး ခွင့်ရတာ ကောင်းတယ်လို့ မစ္စတာပူတင်က ပြောခဲ့ပါတယ်။

ထရမ့်ကလည်း ဒီတွေ့ဆုံပွဲကနေ နှစ်နိုင်ငံ ဆက်ဆံရေး အံ့မခန်း အခြေအနေထိ ရောက်အောင် တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ အဆင်ပြေတယ်ဆိုတာဟာ ကောင်းတဲ့အချက်ဖြစ်တယ်၊ ဆိုးတဲ့အချက် မဟုတ်ဘူးလို့လည်း ထရမ့်ကပြောပါတယ်။

Image caption လူ့အခွင့်အရေးအပေါ် အလေးပေးဖို့ ထရမ့်ကို တောင်းဆို

အမေရိကန်တွေရဲ့ မိုက်မဲ ရူးသွပ်မှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ အဆိုးဆုံး အခြေအနေ ရောက်ခဲ့ရတယ်ဆိုပြီး သူ့မတိုင်ခင် လက်ထက်က အမေရိကန် အစိုးရရဲ့ အပြုအမူတွေ အပေါ် အပြစ်ပုံတဲ့ စကားမျိုး သမ္မတထရမ့်က အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

သူအနိုင်ရခဲ့တဲ့ အမေရိကန် ရွေးကောက်အတွင်း ရလဒ်အပေါ် လွှမ်းမိုးနိုင်အောင် ရုရှားက စွက်ဖက်ခဲ့တယ် ဆိုပြီး အမေရိကန်ပြည်တွင်း စုံစမ်းတာတွေ ပြုလုပ်နေတဲ့ အပေါ်မှာလည်း အလကားသက်သက် ထွင်လုံးတွေ ဆိုပြီး သမ္မတ ထရမ့်က ရှုတ်ချ ပါတယ်။

သူ့တွစ်တာပေါ် တင်ခဲ့တာထဲ "Witch Hunt" ဆိုတဲ့ စကားလုံး သုံးစွဲထားပြီး၊ ကွဲပြားတဲ့ အယူအဆအမြင် ရှိသူတွေကို အပြစ်ပေးဖို့ မဟုတ်တဲ့ကိစ္စနဲ့ စွပ်စွဲနေတာလို့ ထရမ့်က ဆိုထားပါတယ်။

Image caption အမေရိကန်ကို ပြန်ဝေဖန်တဲ့ ထရမ့်ရဲ့ တွိ

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ ကိစ္စတင်မက ခရိုင်းမီးယားကို ရုရှားထဲ ဆွဲသွင်းခဲ့တာကို အမေရိကန်ရဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေက ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ် အဖြစ် သတ်မှတ်ထားပြီး၊ ဆီးရီးယား အရေးမှာလည်း သမ္မတ အာဆတ် အစိုးရကို ကျောထောက် နောက်ခံ ပြုပေးနေတဲ့ ဆီးရီးယားရဲ့ လုပ်ရပ်အပေါ် အမေရိကန် အပါအဝင် အနောက်အုပ်စုတွေက မလိုလားတဲ့ ပြဿနာမျိုးတွေ ရှိနေပါတယ်။

ရုရှားသမ္မတနဲ့ မတွေ့ပဲ ထိပ်သီးဆွေးနွေးပွဲကို ဖျက်လိုက်ဖို့ အမေရိကန် အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် တွမ်ပီးယာ့စ်က တိုက်တွန်းခဲ့သလို၊ ရီပတ်ဘလစ်ကင် ပါတီတွင်းမှာလည်း ဝါရင့် ဆီနိတ်တာ မက်ကိန်းလို ပုဂ္ဂိုလ်မျိုးကလည်း ပူတင်ကို ပြောစကားတွေ အတိုင်း တာဝန်ယူခိုင်းဖို့ အသင့်ပြင်မထားရင် မတွေ့တာကောင်းတယ်လို့ ပြောထားပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲမှာ ဘယ်အကြောင်းချင်းရာတွေကို ဆွေးနွေးမယ် ဆိုပြီး ကြိုတင် သတ်မှတ်ထားတာမျိုး မလုပ်ဖို့ နှစ်ဘက် သဘောတူထားတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်က ဆိုပါတယ်။

ပူတင် ကို ထရမ့် အားကျနေတယ် လို့ အိုဘားမားပြော

အမေရိကန်ရွေးကောက်ပွဲကိစ္စ စွပ်စွဲချက်ဟာ စော်ကားတာ ဖြစ်ကြောင်း ပူတင်ပြော

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့်ရဲ့ လန်ဒန်ခရီးစဉ်အတွင်း လူပေါင်း သိန်းချီ ဆန္ဒပြ

ဖင်လန်ကို မသွားခင် ထရမ့် ယူကေနိုင်ငံထဲ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ပူတင်နဲ့ တွေ့တဲ့အခါ ဆီးရီးယားအရေး အပါအဝင် အရှေ့အလယ်ပိုင်း ဒေသ တချို့ နေရာတွေ အကြောင်း ပြောကြမယ်၊ နျူကလီယာ ဖျက်သိမ်းရေးလို ကိစ္စတွေလည်း ဆွေးနွေးသွားမယ်လို့ ထရမ့်က ပြောထားပါတယ်။

ဟယ်လ်ဆင်ကီးမှာ အမေရိကန်-ရုရှား ခေါင်းဆောင်တွေ တွေ့ပြီး ထိပ်သီး ဆွေးနွေးပွဲလုပ်တာ ဒါ ပထမအကြိမ်တော့ မဟုတ်ပါဘူး။

ဒုတိယကမ္ဘာစစ် အပြီး ဖင်လန်ဟာ ဆိုဗီယက်ဘက်လည်း မပါ၊ အနောက်အုပ်စုထဲလည်း မဝင်ပဲ နိုင်ငံရေး ကြားနေခဲ့လို့ စစ်အေးခေတ်မှာ အမေရိကန် ရုရှား ဆူပါပါဝါနှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးလိုရင် ဖင်လန်ကို ရွေးချယ်လေ့ ရှိခဲ့ပါတယ်။

ဆိုဗီယက်နဲ့ အနောက်အုပ်စုတွေကြား ဆက်ဆံရေး တိုးတက်လာစေခဲ့တဲ့ ဟယ်လ်စင်ကီး သဘောတူမှုတွေကို ၁၉၇၅ မှာ လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗြိတိန်ရောက်လာတဲ့ သမ္မတ ထရမ့်