မိကျောင်း ကိုက်ခံရတဲ့ ရွာသားအတွက် မိကျောင်း ၃၀၀ ကို ပြန်သတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မိကျောင်းတွေကို သတ်ခဲ့သူတွေကို တရားစွဲကောင်း စွဲမယ်လို့ ရဲကပြော

အင်ဒိုနီးရှားနိုင်ငံ အနောက် ပါပွာပြည်နယ်မှာ ဒေသခံ ရွာသား တစုက မိကျောင်းကန်တခုက မိကျောင်း ၃၀၀ လောက်ကို သတ်လိုက်ကြပါတယ်။

အဲဒီနေရာမှာ ဒေသခံတဦး မိကျောင်း အကိုက်ခံရပြီး သေဆုံးခဲ့တာကို တုံ့ပြန် ဂလဲ့စား ချေတဲ့အနေနဲ့ အခုလို သတ်ဖြတ်ခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ မျိုးမသုဉ်းအောင် ကာကွယ် စောင့်ရှောက်ထားတဲ့ တိရစ္ဆာန် မျိုးနွယ်စုတွေကို သတ်ဖြတ်တာဟာ ရာဇဝတ်မှု မြောက်ပြီး ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်ကြေး ချမှတ်ခံရ နိုင်ပါတယ်။

မိကျောင်းတွေကို သတ်ဖြတ်နေတာကို မတားဆီးနိုင်ခဲ့ကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို တရားစွဲဆိုဘွယ် ရှိတယ်လို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ရဲတွေက ပြောပါတယ်။

သောကြာနေ့ မနက်က အဲဒီရွာသားဟာ သူမွေးထားတဲ့ ကျွဲနွားတွေအတွက် မိကျောင်းကန်မှာ အသီးအရွက်တွေ သွားရှာနေတုန်း မိကျောင်း အကိုက်ခံခဲ့ရတာပါ။

စနေနေ့မှာ အဲဒီရွာသားရဲ့ အသုဘ ကျင်းပခဲ့အပြီးမှာ ဒေါသ အမျက် ထွက်နေကြတဲ့ ဒေသခံ ရာပေါင်းများစွာက တုတ်တွေ၊ ဓါးတွေ ကိုင်ပြီး မိကျောင်းကန်ကို ချီတက်သွားခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မိကျောင်းကန်ထဲက မိကျောင်း ၂၉၂ ကောင်စလုံးကို သတ်ပစ်လိုက်ကြ

ပထမတော့ မိကျောင်းကန်ရဲ့ ရုံးကို ဝိုင်း တိုက်ခိုက်ခဲ့ကြပြီး အဲဒီနောက်မှာ မိကျောင်းကန်ထဲမှာ ရှိတဲ့ မိကျောင်း ၂၉၂ကောင်စလုံးကို သတ်ဖြတ်လိုက်ပါတယ်။

အဲဒီ မိကျောင်းကန်ဟာ ရေငံနဲ့ နယူးဂီနီ မိကျောင်း နှစ်မျိုးစလုံးကို မျိုးမသုဉ်းအောင် ကာကွယ်စောင့်ရှောက်ဖို့နဲ့ မျိုးပွားအောင် မွေးမြူဖို့ လိုင်စင် ခွင့်ပြုချက် ရထားတာ ဖြစ်ပါတယ်။