လက်ရှိအစိုးရရဲ့စွမ်းဆောင်ရည်ကို ဂျွန်မက်ကိန်း က အဆင့်နိမ့်သတ်မှတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကန်သမ္မတ ထရမ့်နဲ့ ရုရှား သမ္မတ ပူတင်

သမ္မတထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ဟယ်လ်ဆင်ကီးမြို့မှာ လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို အမေရိကန်က ဒီမိုကရက် နဲ့ ရီပတ်ဘလီကန် အမတ်တွေက ဆိုးဆိုးရွားရွား တုန့်ပြန် ဝေဖန်ခဲ့ကြပါတယ်။

အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေကို သမ္မတ ထရမ့် ရဲ့ သံသယရှိမှုအပေါ် အကြီးအကျယ် တုန်လှုပ်မိတယ်လို့ သူတို့က ဆိုပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားနေမှုနဲ့ ပတ်သက်လို့ ရုရှားရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြ ပြောဆိုရမယ့် အစား အရင် အမေရိကန် အစိုးရ အပေါ် သမ္မတ ထရမ့်က အပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ပူတင် ကို ထရမ့် အားကျနေတယ် လို့ အိုဘားမားပြော

ကန် သံဝန်ထမ်း တွေကို နှင်မထုတ် တဲ့ ပူတင် ကို ထရမ့် ချီးကျူး

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှား၀င်နှောက်ခဲ့တယ် ဆိုပြီး အမေရိကန်တို့က စွပ်စွဲ ထားတာ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ ရုရှား၀င်နှောက်ခဲ့တယ်လို့ ပြောနေကြတဲ့ ကိစ္စကို သမ္မတထရမ့် ရှင်းပြခဲ့သလိုမျိုး ထပ်ပြောချင်ကြောင်း ၊ ရုရှား အစိုးရဟာ ရွေးကောက်ပွဲ အပါအဝင် အမေရိကန် ပြည်တွင်းရေးမှာ ဝင်စွက်ဖက်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ကြောင်း ၊ ဒါမျိုး အထောက်အထားတွေ့ရင် အတူတကွ ဆန်းစစ် ဖော်ထုတ်ဖို့ အသင့်ရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

အမေရိကန်က ဝါရင့်နိုင်ငံရေးသမား ရီပတ်ဘလီကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်းကတော့ အမေရိကန် သမ္မတ တွေရဲ့ သမိုင်းစဉ်တလျှောက်မှာ အခု အစိုးရဟာ စွမ်းဆောင်ရည် နိမ့်ကျတယ်လို့ ပြောကြားလိုက်ပါတယ်။

လွှတ်တော် ဥက္ကဌ ပေါလ် ရိုင်ယန်က လည်း ရုရှားဟာ အမေရိကန်ရဲ့ မဟာမိတ် ဖြစ်မနေခဲ့တဲ့ အတွက် မစ္စတာ ထရမ့် အနေနဲ့ လက်ခံ ကျေနပ်သင့်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FACEBOOK/ MARIA BUTINA
Image caption ရုရှားအစိုးရအတွက် သူလျှိုလုပ်မှုနဲ့ စွပ်စွဲခံရသူ မာရီယာ ဘူတီနာ

အမေရိကန် ပြည်ထောင်စုဝါရှင်တန်မှာ နေထိုင်တဲ့ ရုရှား အမျိုးသမီး တယောက်ကို ရုရှား အစိုးရအတွက် သူလျှိုလုပ်မှုနဲ့ ဖမ်းဆီး တရားစွဲလိုက်တယ်လို့ အမေရိကန် တရားရေး ဌာနက ပြောပါတယ်။

Maria Butina ဟာအမေရိကန် ရဲ့ ပိတ်ဆို့အရေးယူမှု ခံနေရတဲ့ ရုရှား အစိုးရထဲက အမည်မဖော်လိုတဲ့ ထိပ်တန်း အရာရှိတယောက်အတွက် အလုပ်လုပ်ပေးနေတယ်လို့ စွပ်စွဲ ခံနေရပါတယ်။

သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အမေရိကန်လူထု အသိုင်းအဝိုင်းအတွင်း ဆက်ဆံရေး ထူထောင်ခဲ့သလို အမေရိကန် နိုင်ငံရေး အဖွဲ့အစည်းတွေထဲကိုလည်း ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

မာရီယာ ဘူတီနာ ဟာအမေရိကန်က ရှေးရိုးဝါဒီအဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိပြီး သေနတ် ကိုင်ဆောင်မှု ဆိုင်ရာ အခွင့်အရေးအတွက် စည်းရှုံး လှုပ်ရှားသူ တယောက် ဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MARIA BUTINA/FACEBOOK
Image caption အမေရိကန် နိုင်ငံရေး အဖွဲ့အစည်းတွေ အတွင်း ထိုးဖောက် ၀င်ရောက်ခဲ့တယ် ဆိုတဲ့ မာရီယာ

ဖင်လန် နိုင်ငံ ဟယ်လ်ဆင်ကီး မြို့တော် မှာ သမ္မတ ထရမ့် နဲ့ သမ္မတပူတင် တို့ရဲ့ နှစ် နာရီကြာ တံခါးပိတ် ထိပ်သီး ဆွေးနွေးပွဲ ပြီးဆုံးသွားတဲ့ အချိန်မှာ အခုလို ရုရှား အမျိုးသမီးကို သူတို့ အစိုးရအတွက် သူလျှိုလုပ်မှု နဲ့ အမေရိကန် ဖမ်းလိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ သမ္မတထရမ့် က ၂၀၁၆ ရွေးကောက်ပွဲ မှာ ရုရှ ဘက်က စွက်ဖက်မှု မရှိဘူး လို့ သမ္မတ ပူတင် က ခိုင်ခိုင်မာမာ ပြောဆိုတာ ကို သူယုံကြည်တဲ့ အကြောင်း၊ ဒါ့ အပြင် သမ္မတပူတင်က ရုရှ ထောက်လှမ်းရေး ၁၂ ယောက် ကို အမေရိကန် ရှေ့နေချုပ်ရုံး က စွဲချက်တင်ထားတာကို လည်း ရုရှ နိုင်ငံကို စစ်ဆေးရေး အဖွဲ့ စေလွှတ်ပြီး မေးမြန်းစုံစမ်းနိုင်ကြောင်း စတာတွေ ကမ်းလှမ်းတဲ့ အပေါ် မှာ အထူးကျေနပ် အားရတဲ့ အကြောင်းတွေ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

သမ္မတပူတင် ဘက် ကလည်း အမေရိကန် မှာ ရာဇဝတ်မှု နဲ့ ပတ်သက်လို့ မသင်္ကာဘွယ် လူတွေရဲ့ လှုပ်ရှားမှု တွေ ရှိခဲ့ရင် ရုရှ ကိုလည်း အလားတူ လာရောက်စစ်ဆေးခွင့် တောင်းဆိုလိုက်ပါတယ်။

အခုလို ခေါင်းဆောင် နှစ်ဦး စလုံး က သူတို့ ရဲ့ ဆွေးနွေးပွဲ အောင်မြင် တိုးတက်မှု ရှိကြောင်း ရွှန်းရွှန်းဝေ အောင် ပြောခဲ့ပေမဲ့ အမေရိကန် မှာတော့ ရီပတ်ဘလီကင် အမတ်တွေ ကရော ဒီမိုကရက် တွေ ကပါ အပြင်းအထန် ဝေဖန်ကြပါတယ်။

အမေရိကန် သမ္မတ ပါးစပ်ကနေ ကိုယ့်ရဲ့ ထောက်လှမ်းရေး အဖွဲ့ အပေါ်မှာ တန်းတူရည်တူ အဆင့်မထားပဲ နှိမ်ချပြောဆို ခဲ့တဲ့ အပေါ်မှာ တကယ်ဝမ်းနည်းမိသလို စိတ်လည်းပျက်မိကြောင်း ၊ ဒီလူတွေ ဟာ သမ္မတကြီးအတွက် အလုပ်လုပ်နေကြသူတွေ ဖြစ်ကြောင်း ၊ ဒါကို သူက ကာကွယ် မပြောခဲ့တဲ့ အတွက် အင်မတန် ဝမ်းနည်းစရာ ကောင်းကြောင်း အမေရိကန်ဆီးနိတ်လွှတ်တော် ပြည်ပဆက်ဆံရေး ကော်မတီ မှ ရီပတ်ဘလီကင် ပါတီ အကြီးအကဲ ဘော့ပ်ကော်ကာ က ပြောပါတယ်။

ဒါကြောင့်မို့ ဒီတွေ့ဆုံပွဲ မှာတော့ သမ္မတ ပူတင် က အထက်စီး နဲ့ အသာရသွားပြီး အစကတည်း က သမ္မတထရမ့် က တွေ့ဖို့ ကြိုးစားခဲ့တာ ဖြစ်ခဲ့တဲ့ အတွက် အမေရိကန်ရဲ့ မဟာမိတ် နေတိုးနဲ့ အမေရိကန် ကွန်ဂရက် အတွက်တော့ နောင်မှာ ရုရှ ရဲ့ စွက်ဖက်မှုတွေ ပိုများလာမှာကို တွေးပူစရာ ဖြစ်လာမဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျော်နသန် မားကပ်စ် က သုံးသပ်ထားပါတယ်။