ပူတင် ကို ကာကွယ်ပေးခဲ့လို့ ထရမ့် ဝေဖန်ခံနေရ

ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန် စုံစမ်း စစ်ဆေး ရေး ဌာန တွေရဲ့ တွေ့ရှိချက်တွေကို ဆန့်ကျင်ပြီး သမ္မတ ထရမ့် က ပြောဆို

၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ ရုရှား က မနှောင့်ယှက် ခဲ့ဘူး လို့ ကာကွယ် ပြောကြား ခဲ့တဲ့ သမ္မတ ဒေါ်နယ် ထရမ့် ကို အမေရိကန် နိုင်ငံမှာ ဝေဖန်မှုတွေ လုပ်နေကြပါတယ်။

ဖင်လန် နိုင်ငံ၊ ဟယ်စင်ကီး မြို့က သမ္မတ အိမ်တော်မှာ လုပ်တဲ့ မစ္စတာ ထရမ့် နဲ့ မစ္စတာ ပူတင်တို့ တွေ့ဆုံ ပွဲအတွင်းမှာ အမေရိကန် စုံစမ်း စစ်ဆေး ရေး ဌာန တွေရဲ့ တွေ့ရှိချက်တွေကို ဆန့်ကျင်ပြီး သမ္မတ ထရမ့် က ပြောဆို ခဲ့တာပါ။

ရုရှား ဟာ အမေရိကန်ရဲ့ မဟာမိတ် မဟုတ်ဘူးဆိုတာ ကို မစ္စတာ ထရမ့် အနေနဲ့ သိမြင် ထားရမယ်ဆိုပြီး ရီပတ်ဘလီကန် ပါတီဝင် အထက် လွှတ်တော် ဥက္ကဋ္ဌ ပေါလ် ရိုင်ယန် ပြောဆို သွားခဲ့ပါတယ်။

အမေရိကန် ရဲ့ ဒီမိုကရေစီ ကို လျော့ပါးအောင် ရုရှား က နှောင့်ယှက်မှုတွေ လုပ်ဆောင် နေဆဲ ဆိုတာ ကို သိထား ရမယ်လို့ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး ဒန် ကုတ် ကလည်း ပြောဆို ပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် ကတော့ အမေရိကန် တို့ရဲ့ စွပ်စွဲ ပြောဆို မှု တွေ နဲ့ ပတ်သက်လို့ ငြင်းဆို ထားပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ တနင်္လာနေ့ က ရုရှား သမ္မတ ပူတင် နဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် တို့ ဟာ ဟယ်စင်ကီး မြို့မှာ ၂ နာရီကျော် ကြာ တံခါး ပိတ် သီးသန့် တွေ့ဆုံ ဆွေးနွေး ခဲ့ ကြတာပါ။

Image caption အမေရိကန်ကို ပြန်ဝေဖန်တဲ့ ထရမ့်ရဲ့ တွိ

အဲဒီ တွေ့ဆုံမှု အပြီးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ ရွေးကောက်ပွဲ အတွင်း ရုရှား က နှောင့်ယှက် ခဲ့တယ် ဆိုတဲ့ အမေရိကန် ထောက်လှမ်းဌာန တွေရဲ့ သတင်းပေးပို့မှုတွေကို ယုံကြည်သလား၊ ဒါမှမဟုတ် သမ္မတ ပူတင် ရဲ့ ပြောဆိုမှု ကို ယုံကြည်သလား လို့ သတင်းထောက် တွေက မစ္စတာ ထရမ့် ကို ဝိုင်းဝန်း မေးမြန်း ခဲ့ကြပါတယ်။

ဒါကို မစ္စတာ ထရမ့် က သမ္မတ ပူတင် က ရုရှား အနေနဲ့ ဒီကိစ္စ ကို မလုပ်ခဲ့ဖူးလို့ ပြောရင် ဘာ့ကြောင့် ရုရှား လုပ်တယ်လို့ ထင်နေမှာလဲ လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ်။

နောက်ပြီး ရုရှား နဲ့ အမေရိကန် ဆက်ဆံရေး မကောင်း ဖြစ်နေရတာက အရင် အစိုးရ အဆက်ဆက်ရဲ့ ညံ့ဖျင်း မှုတွေ ကြောင့် ဖြစ်တယ်ဆိုပြီးတော့လည်း မစ္စတာ ထရမ့်က ပြစ်တင် ဝေဖန်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့်ရဲ့ လန်ဒန်ခရီးစဉ်အတွင်း လူပေါင်း သိန်းချီ ဆန္ဒပြ