ဥရောပ သမဂ္ဂ က Google ကို ဒေါ်လာ ဘီလျံချီ ဒဏ်တပ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဥရောပ ကော်မရှင်က ဒေါ်လာ ၅ ဘီလျံဒဏ်ငွေရိုက်လိုက်တာဟာ ဒီလိုစျေးကွက်ယှဉ်ပြိုင်မှု ကိစ္စမျိုး အတွက် စံချိန်တင်မြင့်မားတဲ့ ပမာဏ

ဂူဂဲလ် ကုမ္ပဏီဟာ နည်းပညာကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး ဥရောပသမဂ္ဂက ဒေါ်လာ ၅ ဘီလျံ ဒဏ်ငွေရိုက်လိုက်ပါတယ်။

ဂူဂဲလ် ကုမ္ပဏီကြီးကို ဥရောပ ကော်မရှင်က ဒေါ်လာ ၅ ဘီလျံဒဏ်ငွေရိုက်လိုက်တာဟာ ဒီလိုစျေးကွက်ယှဉ်ပြိုင်မှု ကိစ္စမျိုး အတွက် စံချိန်တင်မြင့်မားတဲ့ ပမာဏဖြစ်ပါတယ်။

ကုမ္ပဏီတခုချင်းကို ရိုက်တဲ့ ဒဏ်ငွေ တွေ အနက်မှာ ဒါဟာ အများဆုံးဒဏ်ငွေဖြစ်ပါတယ်။ အဲသလို ဒဏ်ငွေ ရိုက်ကြောင်းကို ဥရောပကော်မရှင်က ဘရပ်ဆဲလ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာလိုက်တာပါ။

ဂူဂဲလ်ဟာ သူ့ရဲ့ အင်တာနက် ဆာ့ချ်အင်ဂျင်လို့ ခေါ်တဲ့ အင်တာနက်မှာကိုယ်လိုချင်တာရှာဖွေတဲ့ ဆော့ဖ်ဝဲက တခြား ဆာ့ချအင်ဂျင်တွေအပေါ် အသာစီးရထားတာကို ထိန်းဖို့အတွက် သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ချိုးဖောက်ခဲ့ပါတယ်။

ဒါ့ကြောင့် ဥရောပသမဂ္ဂရဲ့ ယုံကြည်မှု အကာအကွယ်ပေးတဲ့ဥပဒေ Anti Turst ကို ဆန့်ကျင်နေပါတယ်။ ဒါ့ကြောင့် အခုလို ဒဏ်ငွေချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ ဆိုပြီး အီးယူ ဥရောပ သမဂ္ဂရဲ့ လွတ်လပ်စွာယှဉ်ပြိုင်ခြင်းရေးရာ ကော်မရှင်နာမင်းကြီး မာဂရက်သ် ဗက်စတေဂါက ပြောဆို ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EUROPEAN COMMISSION
Image caption နည်းပညာ ကုမ္ပဏီလေးတွေရဲ့ အားထုတ်မှုတွေကိုကာကွယ် နိုင်မယ်လို့ ဥရောပ သမဂ္ဂ အဖွဲ့ ပြောဆို

ဂူဂဲလ် ဘက်ကတော့ အခုဆုံးဖြတ်ချက်ကို ပြန်ပြီး စောဒကတက်တာမျိုးရှိလာနိုင်ပါတယ်။ အီးယူ ဥရောပမကော်မရှင်ဟာ Andorid စနစ် အလုပ်လုပ်ပုံကို ၂၀၁၅ ခုနှစ် ဧပြီလကနည်းက စောင့်ကြည့် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အန်းဒရွိုက်ရဲ့ လုပ်နည်းကိုင်နည်းဟာ စျေးကွက်လက်ဝါးကြီး အုပ်စိုးမိုးရေးကို လုပ်နေတယ်လို့ Microsoft၊ Nokia၊ Oracle အပါအဝင် ကုမ္ပဏီတချို့က တိုင်ကြားကြတဲ့ အတွက် စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။

အဲသလိုလေ့လာတဲ့အခါမှာ ဂူးဂဲလ်ရဲ့ ဆာ့ချ်အင်ဂျင်က တခြား ဆာ့ချ်အင်ဂျင်တွေထက် အသာစီးရအောင် အန်းဒရွိုက်ကို အသုံးချခဲ့တယ်လို့ တွေ့ရတဲ့ အတွက် အခုဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Google
Image caption android စနစ်ရဲ့ ဂရုတစိုက် ဟန်ချက် ထိန်းညှိမှု ကို အခု ပြစ်ဒဏ် က သက်ရောက် စေလိမ့်မယ်ဆိုပြီး ဂူဂဲလ် အမှုဆောင် အရာရှိချုပ် က ပြောဆို

ဂူဂဲလ်ဟာ သူ့ရဲ့ အန်းဒရွိုက် အော်ပရေးတင်း စစ်စတမ် အတွင်းမှာရှိတဲ့ အန်းဒရွိုက်မိသားစု ဆော့ဖ်ဝဲတွေ ကုမ္ပဏီတွေ ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် နည်းပညာ အသုံးပြုဆောင်ရွက်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂူဂဲလ် ဆာ့ချ် ရှာဖွေရေးစနစ်က တခြားပြိုင်ဘက်တွေကို လွှမ်းမိုးထားတဲ့အခြေအနေပိုပြီးခိုင်မာအောင် အန်းဒရွိုက်ကို အဟန့်အတား တံတိုင်းတခုအဖြစ် အသုံးချခွင့်မရှိပါဘူး ဆိုပျီး ဂူဂဲလ်ကုမ္ပဏီဟာ ဘာတွေလုပ်ခွင့်ရှိတယ်၊ ဘာတွေ လုပ်ခွင့်မရှိဘူးဆိုတာကို မာဂရက်သ် ဗက်စတေဂါက ပြောပါတယ်။

အရင်ကလည်း အွန်လိုင်း အရောင်းအဝယ် ဆော့ဖ်ဝဲ ကိစ္စနဲ့ ပတ်သက်ပြီး ဂူဂဲလ် ကို ဒေါ်လာ ၂ ဒသမ ၁ ဘီလျံဒဏ်ရိုက်ထားပါတယ်။ နောက်ထပ်လည်း အွန်လိုင်း ကြော်ငြာ နဲ့ ပတ်သက်တဲ့ အမှုတခုအတွက် ထပ်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။

အန်းဒရွိုက်ဆော့ဖ်ဝဲဟာ သူ့ရဲ့ ဆာ့ချ်အင်ဂျင်အနေနဲ့ ဂူဂဲလ်ကို အဆင်သင့် တခါတည်း အခမဲ့တွဲပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အန်းဒရွိုက်သုံးတဲ့ သုံးစွဲသူ အတွက် ဂူဂဲလ်က တခုတည်းသော ရွေးချယ်စရာဖြစ်နေပါတယ်။ အခုတော့ ဂူဂဲလ် အပြင် Yandex၊ Mail.RU ဆာ့ချ်အင်ဂျင်တွေကိုလည်း ထည့်သွင်းထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလစ် သိပ္ပံနဲ့ နည်းပညာ အစီအစဉ်