သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာနဲ့ ကွဲလွဲပြီး ထရမ့်ပြောလာပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား သမ္မတ ပူတင်နဲ့ အမေရိကန် သမ္မတ ထရမ့်

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှား၀င်နှောက်ခဲ့မှုနဲ့ ပတ်သက်လို့ ဗလာဒီမီယာ ပူတင် အနေနဲ့ ကိုယ်တိုင်တာဝန်ခံပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

ရုရှား ခေါင်းဆောင် တယောက်အနေနဲ့ မစ္စတာ ပူတင်က ဖြစ်သမျှကို တာဝန်ယူပေးရမှာဘဲလို့ CBS ရုပ်မြင်သံကြားဌာနနဲ့ မေးမြန်းခန်းမှာ သူက ဖြေကြားခဲ့ပါတယ်။

အမေရိကန် အရေးမှာ ရုရှားရဲ့စွက်ဖက်မှုတွေကိုရပ်ဖို့ မစ္စတာ ပူတင်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန် သမ္မတ ထရမ့်နဲ့ ရုရှား သမ္မတ ပူတင်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဟယ်လ်စင်းကီး မြို့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတုန်းက မစ္စတာ ပူတင်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ရာမှာ ရုရှားရဲ့ လုပ်ရပ်တွေအပေါ် ပြစ်တင် ရှုတ်ချရမယ့် အစား အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေကိုသာအ ပြစ်တင်ခဲ့တဲ့ မစ္စတာ ထရမ့်ရဲ့ လုပ်ရပ်ဟာ အခုပြောဆိုချက်တွေနဲ့ ဆန့်ကျင် ကွဲလွဲနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption သူလျှိုမှုနဲ့ ထောင်ထဲမှာ ထိန်းသိမ်းထားဖို့ အမိန့်ထုတ်ခံထားရတဲ့ ရုရှား အမျိုးသမီး Maria Butina

တချိန်တည်းမှာ အမေရိကန် ပြည်ထောင်စုမှာ သူလျှိုလုပ်မှုနဲ့ သံသယရှိနေတဲ့ ရုရှားအမျိုးသမီး မာရီယာ ဘူတီနာ ထွက်ပြေးသွားမှာစိုးလို့ ဆိုပြီး သူ့ကို အမှုပြီးတဲ့ အထိ ထောင်ထဲမှာ ထိန်းသိမ်းထားဖို့ တရားသူကြီး က အမိန့်ထုတ်လိုက်ပါတယ်။

ပြည်ပထောက်လှမ်းရေး အဖြစ် မှတ်ပုံမတင်ထားဘဲ အမေရိကန် အစိုးရကို သူလျှိုလုပ်မှုနဲ့ တရားစွဲခံနေရတဲ့ မစ္စဘူတီနာ ကို ဝါရှင်တန်မြို့က တရားခွင်မှာ တက်ရောက်လာတာ တွေ့ရပါတယ်။

သူဟာ ရီပါဘလစ်ကန် ပါတီ က အရာရှိတွေနဲ့ ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ် ရှိတယ်လို့အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သူ့အနေနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ပါတီ အဖွဲ့အစည်းတခုထဲမှာ ရာထူးတနေရာ ရဖို့အတွက် အဲဒီအဖွဲ့ထဲက အမျိုးသားတယောက်နဲ့ လိင်ပျော်ပါးဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း ရှေ့နေတွေက ဆိုပါတယ်။

အခုလို သူ့အပေါ် စွပ်စွဲချက်တွေကို သူ့က ငြင်းထားတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။