ထရမ့်ကပူတင်ကို ဝါရှင်တန်လာဖို့ဖိတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဝါရှင်တန်ကို ဖိတ်ကြားခံရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်

ရုရှားသမ္မတ ပူတင်ကို ဒီနှစ်နှောင်းပိုင်းမှာ ဝါရှင်တန်ကို လာဖို့ သမ္မတ ထရမ့်က ဖိတ်ရန် စီစဉ်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဟယ်လ်ဆင်ကီမြို့မှာ ရုရှားခေါင်းဆောင်နဲ့ တွေ့ဆုံမှုအပေါ် ဝေဖန်ပြောဆိုနေချိန်မှာ ဒီပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပူတင်ခရီးစဉ်နဲ့ ပတ်သက်လို့ညှိနှိုင်း ဆွေးနွေးနေပြီလို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဆာရာဟတ်ကာဘီးစ်က ပြောပါတယ်။

ဒီမိုကရက် ခေါင်းဆောင် အထက်လွှတ်တော်အမတ်Chuck Schumer ကတော့ ဒီဖိတ်ကြားမှုကို ချက်ချင်း ဆန့်ကျင်လိုက်ပြီး ဟယ်လ်ဆင်ကီအစည်းအဝေးမှာ ပြောဆိုခဲ့တာတွေကို အမေရိကန် လူထုကို ချမပြမချင်း မစ္စတာ ပူတင်နဲ့ သမ္မတ ထရမ့် နှစ်ယောက်တည်း တွေ့ဆုံမှု ထပ်မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

CNBC ရုပ်သံနဲ့ မေးမြန်ခန်းမှာ သမ္မတရမ့်က ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ သူ့ကြိုးပမ်းချက်ကို ထပ်မံ ကာကွယ်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် သူ့ကြိုးပမ်းချက် မအောင်မြင်ဘူးဆိုရင် မစ္စတာပူတင်ဟာ သူ့ဘ၀မှာ အဆိုးရွားဆုံး ရန်သူ ဖြစ်သွားလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေတဲ့ အမေရိကန် သမ္မတ ထရမ့်

ဗလာဒီမီယာ ပူတင်ကို ဝါရှင်တန်ကို ဖိတ်မယ် ဆိုတဲ့ သတင်း ကြောင့် အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ ဒါရိုက်တာ Dan Coats ဒန်ကုတ်စ် ကို အံ့အားတသင့် ဖြစ်စေခဲ့ပါတယ်။

လုံခြုံရေး ဆိုင်ရာ ညီလာခံမှာ တိုက်ရိုက်မေးမြန်းခန်းမှာ ဒီသတင်းကို သူကြားသိခဲ့ရပြီး ဒီကိစ္စဟာ တကယ်ကို ထူးခြား အံ့သြစရာတွေ ဖြစ်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဟယ်လ်ဆင်ကီမြို့မှာ ထရမ့်နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံပွဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာ သူမသိဘူးလို့လည်း သူက ဆိုပါတယ်။

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှား၀င်နှောက်ခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေရဲ့ သုံးသပ်ပြောဆိုချက်တွေကို မစ္စတာ ကုတ်စ်က ကာကွယ်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားတွေ ၀င်နှောက်ခဲ့တယ်ဆိုတာ ငြင်းမရတဲ့ အချက် ဖြစ်ပြီး ရုရှား တွေကသာ အမေရိကန်ကန် တို့ရဲ့ အခြေခံစံတန်ဖိုးတွေကို ချိုးဖောက်တာ ဖြစ်တဲ့အပြင် အမေရိကန် အချင်းချင်းကြား သွေးကွဲအောင် လုပ်ခဲ့တာကြောင့် ဒီလို လူတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်လို့ မစ္စတာကုတ်ထ် က ဆိုပါတယ်။

ရုရှား ပါ၀င်ပတ်သက်မှုအပေါ် ဗလာဒီမီယာပူတင်ရဲ့ ငြင်းဆိုချက်ကိူ မစ္စတာ ထရမ့်က လက်ခံ ပြောဆိုခဲ့ပြီးနောက် မစ္စတာကုတ်ထ် က အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟယ်လ်ဆင်ကီမှာ ထရမ့်နဲ့ပူတင် လက်ဆွဲ နှုတ်ဆက်မှု

အမေရိကန် သမ္မတထရမ့် နဲ့ ရုရှားသမ္မတ ပူတင် တို့ ဟယ်လ်ဆင်ကီ ဆွေးနွေးပွဲ သာ ပြီးသွားပေမယ့် သူတို့ နှစ်ဦး အပြန်အလှန် ပြောခဲ့ကြတဲ့ စကားတွေ အပေါ် မှာ ဝေဖန် ငြင်းခုံသံတွေ ကတော့ ညံဆဲ အငြင်းပွားဆဲ ဖြစ်နေပါတယ်။

အမေရိကန် ရွေးကောက်ပွဲ အတွင်း ဝင်ရောက် စွက်ဖက်ခဲ့တယ် ဆိုတဲ့ ရုရှ ၁၂ ယောက် ကို အမေရိကန် ကို စစ်ဆေးခွင့်ပြုမယ် လို့ သမ္မတပူတင် က ပြောသလို၊ ရုရှားဖက် က သင်္ကာမကင်းသူ ကိုလည်း အမေရိကန် ဖက် က စစ်ဆေးခွင့် ပြုဖို့ တောင်းဆိုခဲ့ရာမှာ သမ္မတ ထရမ့် က သဘောတူခဲ့တဲ့ အပေါ်မှာ အများ က အမျက်ထွက်ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောခွင့်ရ ဆာရာ ဆဲန်ဒါးစ်က ဒီကိစ္မ မဟုတ်မှန်ကြောင်း မနေ့ က CBS ရုပ်သံ နဲ့ မေးမြန်းခန်း မှာ ဖြေရှင်းခဲ့ပါတယ်။

သမ္မတပူတင် ဘက်က မေးခွန်းထုတ်လိုတဲ့ အမေရိကန် နှစ်ဦး ကတော့ ရုရှားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Michael McFaul နဲ့ စီးပွားရေးငွေကြေးရှင် Bill Browder တို့ဖြစ်ပါတယ်။

ဒါပေမဲ့ သံတမန် တွေ မှာ ဥပဒေရေးရာ ကင်းလွတ်ခွင့် ရှိနေတာ ကို သမ္မတ ပူတင် က တောင်းဆိုမှု ပြုလို့ ကွန်ဂရက် အနေနဲ့ ရုရှားရဲ့ စွက်ဖက်မှု တွေ က ကာကွယ်နိုင်အောင် ဥပဒေကြမ်း တရပ် HR 64 37 ကို ဒီမိုကရက် အောက်လွှတ်တော် အမတ် Steny Hoyer က အဆို တင်သွင်း လိုက်ပါတယ်။

ပူတင်ကတော့ သူနဲ့ သမ္မတထရမ့် ရဲ့ ဆွေးနွေးပွဲ ဟာ အောင်မြင်မှု ရှိပေမဲ့ အမေရိကန် ဘက်က သူတို့ နှစ်နိုင်ငံ ရဲ့ ဖြစ်ပေါ်တိုးတက်မှုကို မလိုလားတဲ့ အုပ်စု က ဖျက်လိုဖျက်ဆီး လုပ်နေပြီး သူတို့ရဲ့ ပါတီတွင်း တိုက်ပွဲ တွေ ကနေ အမြတ်ထုတ်လို့ ရအောင် တမင် လုပ်နေကြပါတယ်လို့ ရုရှ သမ္မတပူတင် ဘက်က တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

အမေရိကန် သမ္မတထရမ့် ကိုယ်တိုင် ကတော့ သူအဝေဖန် ခံရလေတိုင်း မီဒီယာ ကိုပဲ အပြစ်ဖို့လိုက်တာချည်း ဖြစ်ပါတယ်။