အယုံအကြည်မရှိ အဆိုမဲခွဲရာ မိုဒီ အနိုင်ရ

Image caption လူမှုကွန်ယက်မှာ ပြန့်သွားတဲ့ မိုဒီနဲ့ ဂန္ဒီ ဖက်ရမ်း နှုတ်ဆက်တဲ့ပုံ

အိန္ဒိယမှာ ပြီးခဲ့တဲ့ နှစ်ဆယ့်လေးနာရီအတွင်း ပါလီမန်မှာ အကြီးအကျယ် ငြင်းခုန်ဆွေးနွေး မှု ဖြစ်ပွားခဲ့ပြီး ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုမှာ နာရင်ဒရာမိုးဒီ အနိုင်ရသွားပါတယ်။

အဓိက အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူး ဂန္ဒီ က အာဏာရ ဘီဂျေပီ ပါတီရဲ့ ပေါ်လစီတွေကို ပစ်ပစ်ခါခါ ဝေဖန် ပြောဆိုလိုက်ပါတယ်။

သူပြောတဲ့အထဲမှာ တိုင်းပြည်အနှံ့ အကြမ်းဖက်မှု တိုးလာတာကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာတွေနဲ့ ပြင်သစ် ဂျက်တိုက်လေယာဉ်တွေ ၀ယ်ဖို့ ကိစ္စကို လူထုကို ချပြ အသိပေးမှု မရှိတာတွေ ပါ၀င်ပါတယ်။

ဒါပေမယ့် အဲဒီလို ငြင်းခုန်နေကြစဉ် လွှတ်တော် ထဲက တဖက်ထိုင်ခုံမှာ ထိုင်နေတဲ့ ၀န်ကြီးချုပ်မိုဒီထံသွားပြီး ၊ နိုင်ငံခြား ခေါင်းဆောင်တွေကို သူနှုတ်ဆက်လေ့ရှိသလိုမျိုး ၊ မစ္စတာ ဂန္ဒီက ပွေ့ဖက် နှုတ်ဆက်ခဲ့ရာမှာ ဒီပုံကို လူမှုကွန်ယက်မှာ အများအပြား ဖြန့်ဝေ နေကြတာတွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အယုံအကြည်မရှိ အဆိုတင်သွင်း မဲခွဲခံရတဲ့ မိုဒီ

အိန္ဒိယနိုင်ငံ မဟာ ရတ်ရှ်ထရာ ပြည်နယ်မှာ ဆိုရင် မတ်လကနေ မေလ အထိ ၃ လအတွင်းမှာ လယ်သမား ၆၃၉ ယောက် ကိုယ့်ကိုယ့်ကိုယ် သတ်သေမှု ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ ရာသီဥတုမမှန်တဲ့အတွက် သီးနှံမအောင်မြင်ဘဲ ဆုံးရှုံးလို့၊ ဘဏ်ကချေးထားတဲ့ အကြွေးမဆပ်နိုင်လို့ဖြစ်ပါတယ်။

အတိုက်အခံ အမတ်တွေက ပြီးခဲ့တဲ့ ၃ လအတွင်း မိမိကိုယ်ကိုယ် သတ်သေသူလယ်သမားအရေအတွက်ဘယ်လောက်ရှိသလဲ၊ အဲဒီလူတွေ အတွက် အစိုးရဘာလုပ်ပေးသလဲ၊ လျော်ကြေးဘယ်လောက်ပေးပြီးပြီလဲဆိုတာ မေးခွန်းထုတ်လျက် ရှိပါတယ်။

အတိုက်အခံခေါင်းဆောင် ဒါနန်ဂျေ မွန်ဒီ က အစိုးရရဲ့ ချေးငွ အစီအစဉ်၊ လယ်သမားတွေ သီးနှံပျက်စီးဆုံးရှုံးရင် လျော်ကြေးပေးတဲ့ အစီအစဉ်၊ လယ်ယာ ထွက်သီးနှံတွေအတွက် ဘအနိမ့်ဆုံးစျေးနှုန်းသတ်မှတ်တဲ့ အစီအစဉ်တွေ အားလုံး တခုမှ မအောင်မြင်ဘူးဆိုတာကို အခုလယ်သမားတွေ သတ်သေမှုတွေက သက်သေပြနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်းမှာတွင် လယ်သမားတွေကိုယ့်ကိုယ်ကိုယ် သတ်သေတာ ၁၅၀၀ ရှိပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာဆိုရင် ၁ သောင်း ၃ ထောင်အထိရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လယ်သမားအရေအတွက်ဟာ ၃ သိန်းအထိရှိတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။

မဟာ ရတ်ရှ်ထရာ ပြည်နယ်ရဲ့ ခရိုင် ၈ ခုမှာ မိုးခေါင်ရေရှားမှုနဲ့ ကြုံတွေ့ရမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အစိုးရက ကြေညာထားတယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး ပတ်တေးလ်က ဆိုပါတယ်။

မိုးခေါင်ရေရှားမှုဟာ ဒီနှစ် ဧပြီလမှာ အလယ်အလတ်အဆင့်ထိ ဆိုးလိမ့်မယ်လို့ ကြေညာထားကြောင်းပြောပါတယ်။ မေလ ၂၉ ရက်နေ့မှာတော့ မိုးခေါင်မှု ဒဏ်ခံစားရမယ့် ဧရိယာပမာဏကို ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဒီဗန်ဒရာ ဖတ်နာဗစ်စ် ကတော့ လယ်သမားတွေက ပြင်ပ ငွေတိုးချေးသူတွေထံမှာ ပေါင်နှံထားကြရတဲ့ လယ်မြေတွေကို ပြန်လည် ရွေးယူနိုင် အောင် အစိုးရက အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။

လယ်သမားတွေဟာ အစိုးရဆီက ချေးငွေယူကြတဲ့အပြင် ပြင်ပပုဂ္ဂလိကတွေဆီကလည်း အတိုးကြီးကြီးပေးပြီး ငွေချေးယူတာတွေရှိသလို လယ်တွေယာတွေကို ပေါင်နှံကြတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ