သမ္မတ ထရမ့် နဲ့ ပလေးဘွိုင်း မဂ္ဂဇင်း မော်ဒယ် ကိစ္စ အသံဖိုင်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စတာကိုဟင် ဟာ သူ့ရှေ့နေမဟုတ်တော့ဘူး လို သမ္မတ ထရမ့် က ပြောထား

သမ္မတ ထရမ့် က ပလေးဘွိုင်းမဂ္ဂဇင်း မော်ဒယ် တယောက် ကို ငွေပေးပြီး နှုတ်ပိတ်ခဲ့တဲ့ အကြောင်းနဲ့ ဆက်စပ်နိုင်တဲ့ အသံ မှတ်တမ်း သတင်းတွေ ထွက်လာပြီးတဲ့နောက် သမ္မတက သူ့ ရှေ့နေဟောင်း ကို ရှုတ်ချ တိုက်ခိုက်လိုက်ပါတယ်။

၂၀၁၆ ရွေးကောက်ပွဲ မတိုင်မီ ၂ လ လောက် မှာ ဒီ အသံမှတ်တမ်းကို ဖမ်းထားခဲ့တာလို့ ဆိုပါတယ်။

အသံ ဖမ်းတဲ့သူ က မစ္စတာ ထရမ့် ရဲ့ ရှေ့နေ ဖြစ်သူ မစ္စတာ မိုက်ကယ် ကိုဟင် လို့လည်း သတင်းတွေ က ရေးပါတယ် ။

အဲဒီတုံးအချိန် ကတော့ မစ္စတာ ထရမ့် က ရွေးကောက်ပွဲ အတွက် မဲဆွယ်နေတဲ့ သမ္မတ လောင်း ပါ။

အဲဒီ အသံတွေ ထဲမှာ ပလေးဘွိုင်း မော်ဒယ် ဟောင်း ကရင် မက်ဒေါက်ဂဲလ် ကို ငွေပေးမလား၊ မပေးဘူးလား စတာတွေကို ထရမ့် က ကိုဟင်ကို တိုင်ပင် ခဲ့တာ လို့ နယူးရော့ခ် တိုင်းမ် သတင်းစာ က ရေးပါတယ်။

အဲဒီ မော်ဒယ် အမျိုးသမီး က ထရမ့်နဲ့ သူ ၂၀၀၆ တုံး က ၁၀ လလောက် ငြိစွန်းဖူးတယ်၊ သူတို့ စငြိကြတာ ထရမ့် က သူ့ဇနီး မယ်လင်နီယာ နဲ့ လက်ထပ်ပြီး တနှစ် အကြာမှာလို့ လည်း သိရပါတယ်။

ရွေးကောက်ပွဲနီးလာတော့ အဲဒီမော်ဒယ် မစ္စ မက်ဒေါက်ဂဲလ် က သူ့ဇာတ်လမ်းကို နေရှင်နယ် အင်ကွာရာ မဂ္ဂဇင်းကို ရောင်းဖို့ လုပ် တယ်၊ တကယ်တော့ အဲဒီ မဂ္ဂဇင်း က ထရမ့် ရဲ့ သူငယ်ချင်း တယောက်ပိုင်တာပါ။ အဲဒီ မဂ္ဂဇင်း က သူတို့ ပဲ ဒီ ဇာတ်လမ်း ကို မူပိုင်ခွင့်ယူ မယ်၊ ဒီဇာတ်လမ်း ကို နောက်ထပ် ဘယ်သူ့ကိုမှ မပြောဖို့ စာချုပ်နဲ့ ဒေါ်လာ တသိန်းခွဲ ကို ကာယကံရှင် အမျိုးသမီး ကို ပေးပါတယ်။

နောက်ပိုင်းမှာ တော့ အဲဒီမဂ္ဂဇင်း က အဲဒီ ဇာတ်လမ်း ကိုလည်း မဖော်ပြပဲ ဒီအတိုင်း ထားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မစ္စ ကရင် မက်ဒေါက်ဂဲလ် က သူ နုတ်ဆိတ် နေဖို့ လှည့်ဖျားခံလိုက်ရတယ် လို့ ဆို

အဲဒီမှာ ထရမ့် က အဲဒီ မဂ္ဂဇင်း ကနေတဆင့် အဲဒီအမျိုးသမီး ကို နုတ်ပိတ်ခ ပေးခဲ့တယ် ဆိုတဲ့ မှန်းဆချက်တွေ ထွက်လာပါတော့တယ်။

အခု အသံမှတ်တမ်းကို အက်ဖ်ဘီအိုင် က မစ္စတာ ကိုဟင် အိမ်ကို ဒီနှစ် အစောပိုင်း က ဝင်စီးစဉ်မှာ ရခဲ့တာလို့လည်း သိရပါတယ်။

မစ္စတာ ကိုဟင် ဟာ အခုအချိန်ထိ ဘာရာဇဝတ်မှုနဲ့ မှ စွဲချက်မတင် ခံရသေးပေမယ့် သူ့ကို ဘဏ္ဍာရေးဆိုင်ရာ၊ အခွန်ဆိုင်ရာ လိမ်လည်မှုတွေ နဲ့ စုံစမ်း စစ်ဆေးနေတာပါ။

အမေရိကန် တရားရေးဌာန ကလည်း တကယ်လို့ သာ ထရမ့် က ဒီအမျိုးသမီး ကို ငွေပေးခဲ့တာ ဆိုရင် ဒါဟာ ရွေးကောက်ပွဲ အသုံးစရိတ်ထဲက သုံးထားသလား၊ သုံးခဲ့တယ် ဆိုရင် ဒါဟာ ရာဇဝတ်မှုဖြစ်တဲ့အတွက် ဒီအကြောင်း ကို သိလိုနေပါတယ်။

အရင်တုံး ကလည်း ထရမ့် က သူနဲ့ အိပ်ဖူးခဲ့တဲ့ အပြာကား ဇာတ်ဆောင် အမျိုးသမီး တယောက်ကို သူတို့ဇာတ်လမ်းတွေမပြောဖို့ ဒေါ်လာ ၁သိန်း ၃ သောင်း ပေးပြီး နုတ်ပိတ် စေခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

အခု ပလေးဘွိုင်းမော်ဒယ် ကိစ္စနဲ့ ပတ်သက်ပြီး တော့ ထရမ့် က သူ အမှားလုပ်ထားတာ ဘာမှာ မရှိဘူး လို့ သူ့တွစ်တာ ကနေ တဆင့် ထုတ်ပြန်ထားပါတယ်။

သမ္မတ ထရမ့်က ရှေ့နေ တယောက် ဟာ သူ့ ကို အလုပ်အပ်တဲ့သူ ရဲ့ အသံတွေ ကို တိတ်တဆိတ် ဖမ်းထားတာ မျိုး တခါမှ မကြားဘူးဘူး၊ ဒါ ရာဇဝတ်မှု ဖြစ်နိုင်တယ် လို့ လည်း သူ့တွစ်တာ က တဆင့်ပြောထားပါတယ်။

ဒါပေမယ့် ဥပဒေ ရေးရာ ကျွမ်းကျင်တဲ့ ဂျော့ရှ် ဝါရှင်တန် တက္ကသိုလ် က ဥပဒေ ဆိုင်ရာ ကထိက တယောက် ဖြစ်တဲ့ ပေါလ် ရိုတန်ဝဇ် က အဲဒီ သူတို့ ၂ ယောက်တိုင်ပင်ခဲ့ကြတဲ့ နယူးရော့ခ် ပြည်နယ် က ဥပဒေ အရ ဆိုင် ရပြောကြသူ ၂ ယောက်အနက် တယောက် က သူ့ဆန္ဒ အရ အသံ ကို ဖမ်းထားရင် ဒါ က ဥပဒေ အရ ညီတဲ့အကြောင်း ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ