ဆီးရီးယားက အရပ်သား ကာကွယ်ရေးအဖွဲ့ကို အစ္စရေးလ် ခိုလှုံခွင့်ပေးထား

ဓာတ်ပုံ မူပိုင် Reuters
Image caption ဦးထုပ်ဖြူအဖွဲ့ဝင်တွေ

ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လတ်တလော ပြင်းထန်တဲ့ တိုက်ပွဲတွေမှာတွေမှာ အရပ်သားတွေကို ကာကွယ်ပေးနေတဲ့ အဖြူရောင် ဦးထုပ်ဆောင်း ကာကွယ်ရေးအဖွဲ့ဝင်တွေကို အစ္စရေလ်းဘက်က ခိုလှုံခွင့်ပေးခဲ့ပါတယ်။

သူတို့ဟာ ဆီးရီးယားတောင်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အကူအညီလိုနေတဲ့ အရပ်သားတွေကို ကူညီပေးခဲ့သူတွေဖြစ်ပြီး သူတို့ကို လက်ခံပေးဖို့အတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မေတ္တာရပ်ခံမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေလ်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လူ ၈၀ဝ လောက်ဟာ ဂျော်ဒန်နိုင်ငံကနေတဆင့် အစ္စရေလ်းသိမ်းထားတဲ့ ဂိုလန်ကုန်းမြင့်ကို ညတွင်းချင်း ကျော်ဖြတ်ပြီး ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ အစ္စရေလ်းမီဒီယာတွေက ဖော်ပြပါတယ်။

အဖြူရောင် ဦးထုပ်တပ်ဖွဲ့လို့ ကိုယ့်ကိုကိုယ် အမည်ပေးထားတဲ့ အဖွဲ့ဟာ ဆီးရီးယား စစ်မြေပြင်က ပြည်သူတွေကို အကူအညီပေး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

သူတို့ဟာ ဘက်မလိုက်အဖွဲ့လို့ ဆိုထားပေမယ့် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်နဲ့ ရုရှားမဟာမိတ်တွေကတော့ ဂျီဟတ်အုပ်စုတွေနဲ့ဆက်စပ်မှုရှိသူတွေအဖြစ် စွပ်စွဲထားကြပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနစ်တုန်းက နိုဘယ်ငြိမ်းချမ်းရေး ဆုအတွက် အမည်တင်သွင်းခြင်း ခံခဲ့ရပါတယ်။

Image caption ဦးထုပ်ဖြူတွေ ထွက်ပြေးလာခဲ့တဲ့ ဒေသနဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေ ဖြစ်ပွားနေတဲ့ နေရာတွေ

ဆီးရီးယား အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ အနောက်တောင် ဒေသမှာ လှုပ်ရှားနေကြတဲ့ သူတို့ဟာ အစိုးရတပ်တွေရဲ့ ထိုးစစ်တွေအတွင်း ပိတ်မိနေခဲ့တာပါ။

ဂျော်ဒန် အစိုးရကတော့ သူတို့ ဦးထုပ်ဖြူအဖွဲ့တွေကို ဗြိတိန် ကနေဒါ နိုင်ငံတွေမှာ အခြေချခွင့်ပြုဖို့ သဘောတူညီချက်တွေ ရှိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ ဆီးရီးယားအစိုးရဟာ သူပုန်တွေထိန်းချုပ်ထားတဲ့ ဒါရာနဲ့ ကွန်နီထရာဒေသတွေမှာ ပြင်းထန်တဲ့ ထိုးစစ်တွေဆင်နွှဲနေတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ