တောင် ၊ မြောက်ကိုရီးယားအတွဲ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်စွဲ

ဓာတ်ပုံ မူပိုင် EPA
Image caption ကျား ၊ မ အတွဲလိုက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်- မြောက်ကိုရီးယား အတွဲဟာ တရုတ်အတွဲကို အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့

စားပွဲတင် တင်းနစ် ပြိုင်ပွဲ ကျား ၊ မ အတွဲလိုက် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်- မြောက်ကိုရီးယား အတွဲဟာ တရုတ်အတွဲကို အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့တဲ့အတွက် ဒါဟာသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တောင်မြောက်ကိုရီးယား ပူးတွဲပြီး အားကစားပြိုင်မှာ ရွှေတံဆိပ်ဆွတ်ခူးနိုင်မှု ဖြစ်လာပါတယ်။

ဂျန်ဝူဂျင်းလို့ခေါ်တဲ့ တောင်ကိုရီးယားအမျိုးသားနဲ့ ချာဟျိုစင်လို့ခေါ်တဲ့ မြောက်ကိုရီးယား အမျိုးသမီးတို့ဟာ ကိုးရီးယားအိုးပင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲမှာ တရုတ်အသင်းကို ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။

၁၉၉၁ ခုနစ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ တောင်- မြောက်ကိုရီးယား အမျိုးသမီးအတွဲဟာ အတွဲလိုက်ပွဲစဉ်မှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း အခုလိုပြိုင်ပွဲတခုမှာ တောင်- မြောက်အတွဲက ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ အောင်ပွဲခံမှုတွေက ကျွန်တော့်ကို အင်မတန် အံ့အားသင့် မှင်သက်သွားစေခဲ့ပါတယ်လို့ ဂျန်က ပြောပါတယ်။ မြောက်ကိုရီးယားသူ ချာဟျိုစင်က ဆုပေးပွဲအခမ်းအနားမှာ ငိုကြွေးနေခဲ့ပြီး၊ မကြာခင် ခွဲခွာရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းမိကြောင်း ဂျန်က ပြောပါတယ်။

နှစ်နိုင်ငံပူးပေါင်းပါဝင်တဲ့ အသင်း ၄ သင်းဟာ အဲဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး အမျိုးသားအတွဲလိုက် ပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြုံးချန်းမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲမှာ နှစ်နိုင်ငံပြိုင်ပွဲဝင်တွေဟာ အလံတခုတည်းအောက်ကနေ ချီတက်ခဲ့ကြပြီးနောက် ဒီပြိုင်ပွဲ နှစ်နိုင်ငံ ညီညွတ်မှု ရှိရှိနဲ့ ဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

ဧပြီလတုန်းကတော့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့အကြား သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲတွေမှာ ပူးပေါင်းဆောင်ရွက် ယှဉ်ပြိုင်ရေးအတွက် သဘောတူခဲ့ကြပါတယ်။

လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲရဲ့ ကနူး ၊ လှေလှော် ၊ အမျိုးသမီး ဘတ်စကတ်ဘော ပြိုင်ပွဲတွေမှာ နှစ်နိုင်ငံပူးတွဲအသင်းဟာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ