အမျိုးသမီး လစဉ်သုံးပစ္စည်း အခွန်ကောက်ခံမှု ပယ်ဖျက်

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီးသုံးပစ္စည်း အခွန်တိုးကောက်လို့ ကန့်ကွက်တဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေက လပေါင်းများစွာ လုပ်ဆောင်ခဲ့

အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခွန် ၁၂ ရာခိုင်နှုန်း ကောက်ခံတဲ့ အစီအစဉ်ကို အိန္ဒိယ အစိုးရက ဖျက်သိမ်းလိုက်ပါပြီ။

အခုလို ပယ်ဖျက်လိုက်တဲ့ အပေါ်မှာလည်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက လူသုံးကုန် ပစ္စည်းတွေကို အခွန် ၁၂ရာခိုင်နှုန်း အစိုးရက သတ်မှတ်ရာမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပါ၀င်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အမျိုးသမီးတွေ ဓမ္မတာ လာရင် သုံးတဲ့ ပစ္စည်းတွေ အပေါ် အခွန်ကောက်မှုကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတရပ်ကို အိန္ဒိယနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေက လပေါင်းများစွာ လုပ်ဆောင်ခဲ့ကြ ပါတယ်။

အိန္ဒိယမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခွန် သတ်မှတ် ခဲ့တာကြောင့် နိုင်ငံတဝှမ်းက အမျိုးသမီးတွေ အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်ယူဖို့ ပိုမို ခက်ခဲစေ ခဲ့ရပါတယ်။

အမျိုးသမီး ၅ ဦးမှာ ၄ ဦးက အဲဒီ လစဉ်သုံး ပစ္စည်းတွေ ဝယ်ယူဖို့ လက်လှမ်းမမှီကြဘူးလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

တချို့ အမျိုးသမီးတွေဆိုရင် အ၀တ်စုတ် အဟောင်းတွေ ၊ သန့်ရှင်းမှု မရှိတဲ့ အ၀တ်တွေကို ဓမ္မတာလာတဲ့ အခါ ကာကွယ်ရေး အတွက် သုံးကြတာကြောင့် ဒါဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြင် အိန္ဒိယမှာ တချို့ဆို အခုလို လစဉ် အမျိုးသမီးသုံး ပစ္စည်းတွေ မတက်နိုင်တဲ့ အတွက် ဓမ္မတာ လာချိန်မှာ မိန်းကလေးတွေကို ကျောင်းပေးမတက်ဘဲ အိမ်မှာဘဲ နေစေခဲ့ပါတယ်။

ဒါကြောင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ လက်လှမ်းမှီမှီ မ၀ယ်နိုင်တာဟာ မိန်းကလေးတွေ ပညာသင်ကြားရေးမှာ အဟန့်အတားဖြစ်စေတဲ့ အချက်တခု ဖြစ်ခဲ့ရပါတယ်။

အခုလို လစဉ် အမျိုးသမီးသုံး ပစ္စည်းတွေ အပေါ် အခွန်ကောက်ခံမှု ဖယ်ရှားနိုင်အောင် အချိန် အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီး ဒီလို အခွန်ကောက်ခံမှု ပယ်ဖျက်လိုက်တာဟာ မိန်းကလေးတွေ ပညာ ဆက်လက် သင်ကြားရေး ၊ အလုပ်ဆက်လက်လုပ်ကိုင် နိုင်ရေး တို့မှာ အများကြီး အထောက်အကူဖြစ်စေ တယ်လို့ ဓမ္မတာနဲ့ ပတ်သက်တဲ့ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု Sachhi Saheli အဖွဲ့က Surbhi Singh က Thomson Reuters Foundation ကို ပြောကြားခဲ့ ပါတယ်။

ဆက်စပ် အကြောင်းအရာများ