တိုရွန်တို ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရမှုတွေရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကလစ်မှာတော့ ဦးထုပ်ဆောင်းထားတဲ့ လူတဦးဟာ ကျောပိုးအိတ်ကို လွယ်ထားပြီး လူသွားစင်္ကြန်အရောက်မှာတော့ ရပ်ပြီးတော့ အိတ်ထဲက ပြောင်းတိုသေနတ်ကို ထုတ်ယူခဲ့တာ တွေ့ရပါတယ်

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တော်ရဲ့ လူသွားလူလာများပြားတဲ့ အဆောက်အအုံ တခုမှာ သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက တဦးကတော့ စိုးရိမ်ဖွယ်ရာအခြေအနေမှာ ရှိနေပြီး အဲဒီ စိုးရိမ်ရသူအပါအဝင် ဒဏ်ရာရသူ ၉ ဦးလောက်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။

ပစ်ခတ်သူလို့ သံသယရှိသူကတော့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒန်းဖို့ဒ်ရိပ်သာဆိုတဲ့ အဆောက်အဦးမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ အဆောက်အဦးထဲမှာ လူတွေအများကြီး ရှိနေတဲ့အချိန်ဖြစ်တယ်လို့ ကနေဒါ Globe and Mail သတင်းစာက ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကလစ်မှာတော့ ဦးထုပ်ဆောင်းထားတဲ့ လူတဦးဟာ ကျောပိုးအိတ်ကို လွယ်ထားပြီး လူသွားစင်္ကြန်အရောက်မှာ ရပ်ပြီး အိတ်ထဲက ပြောင်းတိုသေနတ်ကို ထုတ်ယူခဲ့တာ တွေ့ရပါတယ်။

ထိခိုက်ဒဏ်ရာရသူအချို့ဟာ အခင်းဖြစ်ရာနေရာမှာပဲ ဒဏ်ရာကို ကုသခံနေတာတွေ့ရပြီး တချို့ကိုတော့ ဆေးရုံကို သယ်ဆောင်သွားခဲ့ပါတယ်။

အွန်တေရီအို ဒေသဆိုင်ရာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဒေါ့တ်ဖိုဒ့်ကတော့ ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သူတွေကို အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ အဆောက်အဦးထဲက စားသောက်ဆိုင်ကို မိသားစုနဲ့အတူ သွားရောက်ခဲ့တဲ့ CBC သတင်းဌာန သတင်းထောက် ဂျိုဒီစတိန်းဟောဝါကတော့ အပြင်းစားဗျောက်အိုး ဖောက်ခွဲသံလိုလို အချက် ၁၀ ချက် ၁၅ ချက်လောက်ကြားလိုက်ရတယ်လို့ ပြောပါတယ်။

အဲဒီလိုအသံတွေ အကျယ်ကြီးကြားတော့ လူတွေက အော်ဟစ်ပြေးလွှားပြီး ရှေ့ကို ထွက်လာခဲ့ကြတယ်လို့ သူမက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ