တောဝက်ဘောလုံးအသင်းသားတွေ သာသနာ့ဘောင်ဝင်

ဓာတ်ပုံ မူပိုင် AFP
Image caption တော၀က် ဘောလုံးအသင်းသားတွေ သင်္ကန်းစည်းမယ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် ခရိုင် မယ်ဆိုင် မြို့က ထမ့်လွန်ဂူထဲ သီတင်းနှစ်ပတ်ကြာ ပိတ်မိနေခဲ့ရာ ကနေ ရေငုပ်သမားတွေရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်လာခဲ့တဲ့ ဘောလုံးသမားလေးတွေနဲ့ နည်းပြတို့ဟာ ရှင်ပြုရဟန်းခံပြီး သာသနာ့ဘောင် ၀င်ကြတော့မှာ ဖြစ်ပါတယ်။

သူတို့အထဲက ခရစ်ယာန် ဘာသာ၀င် ဘောလုံးသမားလေးကတော့ သင်္ကန်းစည်းမယ့် အထဲပါ၀င်မှာ မဟုတ်ပါဘူး။

သူတို့ဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ကိုးရက်ကြာ သာသနာ့ ဘောင်၀င်ကြမှာ ဖြစ်ပြီး အဲဒီကာလအတွင်း တရားထိုင် ၊ ဘုရားရှိခိုး နဲ့ ဘုန်းကြီးကျောင်းပရိဝုဏ် သန့်ရှင်းရေး လုပ်ကြမယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၄ ရက်နေ့မှာ ဆံချခြင်းနဲ့ မောင်ရှင်လောင်း လှည့်လည်ခြင်းတွေ လုပ်မှာ ဖြစ်ပြီး မနက် ကိုးနာရီ အချိန်မှာ မယ်ဆိုင် မှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ ထိုင်းအစဉ်အလာနဲ့ နတ်ပြမယ် ၊ ဒါ့အပြင် ဗုဒ္ဓဘာသာ အစဉ်အလာနဲ့လည်း နတ်ပြကာ ညနေ သုံးနာရီခွဲကျော်မှာတော့ တာချီလိတ် ဆေးရုံမှာ နဂါးနှစ်ကောင် ဆရာတော်ကိုယ်တိုင် ဆံချပေးပြီးတဲ့အခါ မောင်ရှင်လောင်း လှည့်မယ်လို့ တာချီလိတ်က အလွတ်သတင်းထောက် ကိုစည်သူမောင်က ပြောပါတယ်။

ဇူလိုင် ၂၅ ရက်နေ့မှာ သင်္ကန်းတောင်းပွဲ လုပ်မယ် ၊ သိမ်၀င် သိမ်ထွက်လုပ်မယ် ၊ ဒွိုင်တုန်း ဘုန်းကြီးကျောင်းမှာ ကျင်းပမယ် ၊ အဲဒီ ဘုန်းကြီးကျောင်းက မယ်ဆိုင်ကနေ ကီလို ၃၀လောက် သွားရပြီး တောင်ပေါ်မှာ ရှိတဲ့ကျောင်းဖြစ်ကာ တောင်အောက်ခြေကနေ တကီလို လောက်ဝေး တယ်လို့ သူက ဆိုပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ ရှေးဟောင်း ဓာတ်တော်တွေ ရှိပြီး ဓာတ်တော်ညီနောင် စေတီကို လှည့်လည်ကာ မနက်ကိုးနာရီမှာ သင်္ကန်းတောင်း ၊ သိမ်၀င် ၊ ဆွမ်းလောင်းပြီး သိမ်ပြန်ထွက်ကာ ဇူလိုင် ၂၆ ရက်မှာ ပြန်ဆင်းလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သာသနာ့ဘောင် ၀င်မယ့်သူတွေက တောဝက် ဘောလုံး အသင်းသား ဆယ်ယောက် ဖြစ်ပြီး နည်းပြ လုပ်သူကတော့ အသက် ၂၀ အထက်မို့ ရဟန်းခံသွားမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ ဒီအလှူပွဲနဲ့ ပတ်သက်လို့ မည်သူမဆို ကုသိုလ် ပါဝင်နိုင်ကြောင်း ၊ ဝတ္ထုငွေ ကပ်လို့ ရသလို နှစ်သက်ရာ လှူဒါန်း နိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကလေးတွေကို ကယ်ထုတ်ဖို့ လုပ်ရင်း အသက်ပေးခဲ့တဲ့ ထိုင်းတော်၀င် ရေတပ်က Saman Kunan

အခုလို ကောင်းမှုကုသိုလ် လုပ်ရခြင်းအကြောင်းတွေ ထဲ မှာ နှစ်ပတ်ကြာ သူတို့ကို ဂူထဲက ကယ်ထုတ်ရေးလုပ်စဉ်သေဆုံးသွားခဲ့တဲ့ ထိုင်းရေတပ်သား ကိုရည်စူးပြီး လုပ်ဆောင်မှုလည်း ပါ၀င်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီနောက် မှာ ဒီကလေးတွေနဲ့ ပတ်သက်လို့ ကော်မတီ တရပ် ဖွဲ့ထားတယ်လို့ ကိုစည်သူမောင်က ဆိုပါတယ်။

အဲဒီကော်မတီမှာ မယ်ဆိုင် ကျန်းမာရေး အဖွဲ့ ၊ မြို့နယ် ကျန်းမာရေး ဉီးစီးဌာန ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ ၊ အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ နဲ့ ရဲတို့ ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဒီကော်မတီက ကလေးတွေရဲ့ သွားလာ နေထိုင်ရေး ဘ၀ ရပ်တည်မှု ၊ လုံခြုံရေး အစစ အရာရာကို တာ၀န်ယူပေးဖို့ ဖွဲ့ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကော်မတီ ကို အသိမပေးဘဲ သတင်းယူခဲ့ရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူ ခံရနိုင်သလို ကလေးသူငယ် စောင့်ရှောက်ရေး ဆိုင်ရာ တားမြစ်ထားတဲ့ ဥပဒေတွေနဲ့လည်း အရေးယူ ခံရနိုင်ကာ အမြင့်ဆုံး ပြစ်ဒဏ်တွေက ဘတ်ငွေ ခြောက်သောင်းနဲ့ ထောင်ခြောက်လ ဖြစ်တယ်လို့ ကိုစည်သူမောင် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ခရစ်ယာန်ဘာသာ၀င် တယောက်ကလွဲလို့ ကျန်တဲ့ ကလေးတွေ သာသနာ့ဘောင် ကိုးရက် ၀င်မယ်

လက်ရှိတော့ တော၀က် ဘောလုံးအသင်းက ကလေးတွေ ဟာ ကျောင်းပြန်မတက်ကြ သေးဘဲ ဇူလိုင် ၂၀ ရက်က စလို့ သာသနာ့ဘောင် ၀င်ဖို့ လုပ်နေတာကြောင့် ကိုရင် ၀တ်ပြီး ပြန်ထွက်လာမှ ကျောင်း ပြန်တက်ဖို့ ရှိပါတယ်။

တော၀က် ဘောလုံးအသင်းက ထိုင်းဘောလုံးသမားလေး ၁၂ယောက် နဲ့ နည်းပြတို့ဟာ ထမ့်လွန် ဂူထဲ နှစ်ပတ်ကြာ ပိတ်မိနေခဲ့ရာက နိုင်ငံတကာက ရေငုပ်သမားတွေက ကယ်ထုတ်ပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ