ဒုံးလက်နက် အင်ဂျင်စမ်းသပ်စက်ရုံ မြောက်ကိုရီးယား ဖျက်ဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒုံးလက်နက် ဆိုင်ရာ အင်ဂျင် စမ်းသပ်တဲ့ စက်ရုံကို ဖျက်စီး ပစ်ပြီ

မြောက်ကိုရီးယားဟာ ဒုံးကျည် အင်ဂျင် စမ်းသပ်တဲ့ စက်ရုံကို စတင်ဖျက်ဆီး ပစ်လိုက်ပြီး ဒီနေရာဟာ တာလတ်ပစ် ဒုံးလက်နက် ထုတ်ရာမှာ အရေးပါတဲ့ နေရာတခု ဖြစ်တယ် လို့ အမေရိကန် အခြေစိုက် လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

38 North လို့ အမည်ရတဲ့ အဖွဲ့က သူတို့ရထားတဲ့ ဂြိုလ်တု ဓါတ်ပုံတွေ အရ Sohae ဆိုက်ထဲမှာ ရှိတဲ့ အဆောက်အအုံတချို့ ကို ဖြိုချ ဖျက်ဆီး လိုက်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် ပြီးခဲ့တဲ့လ စင်ကာပူ ထိပ်သီးညီလာခံမှာ အမေရိကန် သမ္မတ ထရမ့်ကို ပေးထားတဲ့ ကတိကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း က ဖြည့်ဆည်းလိုက်တာ ဖြစ်ကောင်း ဖြစ်မယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်က အင်ဂျင်စမ်းသပ်တဲ့ နေရာကို ဖျက်ဆီး ပစ်မယ်လို့ ကတိပေးခဲ့ကြောင်း မစ္စတာ ထရမ့်က ဆိုပေမယ့် ဘယ်ဆိုက်လဲ ဆိုတာ အတိအကျ တော့ သူက ပြောမသွားခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် AFP PHOTO/ PLEIADES CNES 2018
Image caption ဖျက်စီးပစ်တဲ့ စက်ရုံနေရာပြ မြေပုံ

တချိန်တည်းမှာ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေ တိုးတက်လာတဲ့အပေါ် ကျေနပ်နှစ်ထောင်းအားရ ဖြစ်မိတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တိုးတက်မှု မရှိတဲ့အပေါ်သမ္မတထရမ့်က ဒေါသထွက်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြချက်တွေဟာ သတင်းတုတွေသာ ဖြစ်တယ်လို့ သူက ဆိုပြီး တကယ်တော့ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ အလွန်ဝမ်းမြောက်မိတယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝါရှင်တန်ပို့စ်မှာ ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်လို့ မစ္စတာ ထရမ့်က တွတ်တာပေါ်ကနေအခုလို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption စင်ကာပူ ထိပ်သီးညီလာခံမှာတွေ့ရတဲ့ ကင်မ်နဲ့ ထရမ့်

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအွန်းနဲ့ ပြောဆိုထားတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူညီချက် ကို အကောင်အထည် မဖော်နိုင်သေးတဲ့အပေါ်သမ္မတက ဒေါသထွက်လျက် ရှိတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိ တယောက်က ပြောကြောင်း ဝါရှင်ပို့စ် သတင်းစာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ထောက်လှမ်းရေး နဲ့ ဥပဒေ စိုးမိုးရေး ဆိုင်ရာ အရာရှိဟောင်း ခြောက်ယောက်ကို ပေးထားတဲ့ အစိုးရရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို ၀င်ကြည့်နိုင်တဲ့ အခွင့်အာဏာကို ပြန်ရုပ်သိမ်းဖို့ သမ္မတထရမ့် စဉ်းစားနေတယ်လို့ အိမ်ဖြူတော် က ပြောပါတယ်။

မစ္စတာ ထရမ့် ဟာ ရုရှား အစိုးရနဲ့ ဆက်စပ်မှု ရှိနေတယ်ဆိုတဲ့ ဒီအရာရှိဟောင်း ခြောက်ယောက်က အခြေအမြစ်မရှိ ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အရာရှိ ဆာရာ ဟတ်ကာဘီ ဆန်းဒါးစ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အထူးအခွင့်အာဏာတွေ ပြန်ရုတ်သိမ်းခံရမယ့် အရာရှိ ခြောက်ယောက်

အဲဒီခြောက်ယောက်ထဲမှာ စီအိုင်အေ ဒါရိုက်တာဟောင်း ဂျွန် ဘရန်နန် နဲ့ အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်း ဂျိမ်းစ် ကိုမီ တို့လည်း ပါဝင်တာ ဖြစ်ပါတယ်။

ဟယ်လ်စင်းကီး ညီလာခံမှာ ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံရာမှာ မစ္စတာ ထရမ့် ပြောဆို ဆက်ဆံပုံတွေက နိုင်ငံတော် သစ္စာဖောက် လို ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မစ္စတာ ဘရန်နန်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ