ဘင်္ဂလားဒေ့ရှ် မြေပြိုမှု ကလေး ၅ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption မုတ်သုန်မိုးကြောင့် မြေတွေပြိုကျမယ့် အန္တရာယ်ဆိုးနဲ့ ရင်ဆိုင်ရဘွယ် ရှိတယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက သတိပေးထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးကြောင့် မြေပြိုကျပြီး အနည်းဆုံး ကလေး ၅ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတွေက ပြောပါတယ်။

ကော့ဆက်စ်ဘဇားမြို့မှာ နေအိမ်ပေါ် တောင်ကုန်းမြေ ပြိုကျပြီး မောင်နှမ ၄ ဦးစလုံး မြေကြီးပုံအောက်မှာ သေဆုံးသွားခဲ့ပါတယ်။

ရာမူးမြို့မှာလည်း မြေပြိုမှုအတွင်း အသက် ၆ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပါတယ်။

အဲဒီမြို့နှစ်မြို့စလုံးဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ ခိုလှုံနေရာ ကူတူးပလောင် စခန်းနားမှာ ရှိပါတယ်။

ဒုက္ခသည်အများစုဟာ တာပေါ်လင် ရွက်ဖျင်အမိုးနဲ့ တဲအိမ်တွေမှာ နေနေကြတာပါ။

အဲဒီဒေသမှာ မုတ်သုံမိုး သည်းထန်မှုနဲ့ ရင်ဆိုင်နေရပြီး သဘာဝ ဘေးအန္တရာယ် ဆိုးကြီးနဲ့ ရင်ဆိုင်ရဘွယ် ရှိတယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေက သတိပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ